
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
တူရကီနိုင်ငံရှိ နာမည်ကျော် နှင်းလျှောစီးအပန်းဖြေစခန်းဟိုတယ်တစ်လုံး မီးလောင်ကျွမ်းမှုမှာ လူ ၇၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အားလပ်ရက်ကာလ ဒေသစံတော်ချိန် ၃ နာရီ ၂၇ မိနစ်က ဘိုလူမြို့ရှိ လူ ၂၃၄ ဉီး တည်းခိုလျက် ရှိရာ ၁၂ ထပ်အဆောက်အအုံ Grand Kartal ဟိုတယ်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။
မီးငြှိမ်းသတ်ဖို့ ၁၂ နာရီ ကြာမြင့်ခဲ့ပြီး မီးလောင်ကျွမ်းမှုနဲ့ပတ်သက်လို့ ဟိုတယ်ပိုင်ရှင်အပါအဝင် လူကိုးဉီးကို ဖမ်းဆီးခဲ့တယ်လို့ တရားရေးဝန်ကြီးက ပြောပါတယ်။
ဒဏ်ရာရရှိသူ ၅၁ ဉီးအနက် တစ်ဉီးက အထူးကုသဆောင်မှာ ဆေးကုသမှုခံယူနေပြီး ၁၇ ဉီးကို ဆေးရုံမှဆင်းလိုက်ပြီလို့ ကျန်းမာရေးဝန်ကြီး ကီမယ်လ်မီမီလိုဂလူက ပြောပါတယ်။
မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကို မသိရသေးဘဲ ဟိုတယ်စတုတ္ထထပ်ရှိ စားသောက်ဆိုင်မှ မီးလောင်ကျွမ်းမှု စတင်ကာ အခြားအထပ်များသို့ ပျံ့နှံ့သွားခဲ့တယ်လို့ ဘိုလူပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကို စုံစမ်းစစ်ဆေးဖို့ အစိုးရရှေ့နေတွေ စေလွှတ်ခဲ့တယ်လို့ တရားရေးဝန်ကြီး ယီလ်မက်ဇ်က ပြောပါတယ်။
မီးလောင်ကျွမ်းမှုအတွက် တာဝန်ရှိသူတွေက တာဝန်ခံရမယ်လို့ တူရကီသမ္မတ ရီစက်တေယက် အာဒိုဂန်က ပြောပါတယ်။
တစ်ရက်တာ ဝမ်းနည်းဖွယ်ရာနေ့အဖြစ် ကြေညာကာ တူရကီနိုင်ငံတော်အလံကို တစ်ဝက်လွှင့် ထူခဲ့တယ်လို့ ၎င်းက လူမှုကွန်ရက် X မှာ ပြောပါတယ်။
ဘိုလူတောင်တန်းဒေသဟာ ၁၀၅ မိုင်ကွာဝေးတဲ့ အီစတန်ဘူလ်နဲ့ အန်ကာရာမှ နှင်းလျှောစီးနင်း သူတွေအတွက် နာမည်ကျော်ကြားပြီး အဆိုပါဟိုတယ်ဟာ နှစ်ပတ်တာ အားလပ်ရက်ကာလအတွင်း လူ အပြည့် တည်းခိုနေတယ်လို့ သိရပါတယ်။
ကိုးကား – BBC
Ref; Dozens killed as fire engulfs Turkish ski hotel
#Ayeyarwaddy_Times