
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
အရှေ့တောင်အာရှနိုင်ငံများဖြင့် ဖွဲ့စည်းထားသော အာဆီယံတွင် ယခု ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဌသစ်ဖြစ်လာသည့် မလေးရှားနိုင်ငံအပေါ် မြန်မာ့အရေး ဖြေရှင်းနိုင်ရန်အတွက် ကူညီလုပ်ကိုင်ပေးနိုင်လိမ့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က မျှော်လင့်ထားကြောင်း သိရသည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျ ဥက္ကဌသစ် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ထံသို့ နွေဦးတော်လှန်ရေး ကာလများအတွင်း မြန်မာပြည်သူများအတွက် ကြိုးပမ်းပေးမှုများကို လှိုက်လှဲစွာ ကျေးဇူးတင်သည်ဟု သဝဏ်လွှာပေးပို့ခဲ့ကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် NUG က ထုတ်ပြန်သည်။
“မလေးရှားနိုင်ငံက မြည်မာပြည်သူ လူထုဘက်ကနေပြီး ကူညီပေးတဲ့ အနေအထားတွေ အမြောက်အများ ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ရပ်တည်ပေးမယ် ဆိုတာလည်း ကျွန်တော်တို့ မျှော်လင့်တယ်” ဟု NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယာယီသမ္မတ ဒူဝါလရှီးလ ပေးပို့သည့် သဝဏ်လွှာတွင် နှစ်နိုင်ငံအကြားရှိ ဆက်ဆံရေးသည် ခိုင်မြဲအရေးပါ၍ အာဆီယံမှတစ်ဆင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွလက်တွဲ လုပ်ဆောင်လိုပြီး NUG သာလျှင် ဥပဒေနှင့် မြေပြင်အရ မြန်မာအစိုးရဖြစ်ပြီး ယခုနှစ်သည် အလှည့်အပြောင်းနှစ်ဖြစ်ကြောင်း ပါရှိသည်။
ယင်းအပြင် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမဝင် အတုအယောင်ဖြစ်ပြီး အစီအစဉ်ချ၍ ကြိုးစားနေခြင်းမှာ မြန်မာနိုင်ငံ၏ အခြေအနေများအတွက် နိုင်ငံရေးအဖြေတခု ဖြစ်လာမည်မဟုတ်ဘဲ အကြမ်းဖက်မှု ပိုများလာစေကာ အိမ်နီးချင်းနိုင်ငံများကိုပါ မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။
“ဒါကြောင့် ကျွန်တော်တို့ တောင်းဆိုချင်တာက မလေးရှား၊ အာဆီယံအဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင်ဟန်ပြ ရွေးကောက်ပွဲကို မကူညီ၊ မထောက်ခံပေးဖို့ တိုက်တွန်းပြောကြားသင့်တယ်” ဟု NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောသည်။
အလားတူ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ယခုရက်အတွင်း ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် သီးသန့်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့ပြည်တွင်းစစ် အရှိန်မြှင့်လာစဉ် ရွေးကောက်ပွဲ ကျင်းပရန် ဦးစားမပေးသင့်ဟု စစ်ကောင်စီကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် တွေ့ဆုံဆွေးနွေးမှုများ စတင်ရန်နှင့် အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ရန်၊ လူသားချင်းစာနာမှု အကူအညီများ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန် စစ်ကောင်စီကို တိုက်တွန်းခဲ့သလို အာဆီယဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကိုလည်း ခန့်အပ်လိုက်ကြောင်း သိရသည်။
အဆိုပါ အထူးကိုယ်စားလှယ်မှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးချုပ်ဟောင်းနှင့် မလေးရှား လူ့အခွင့်အရေးကော်မရှင်၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ အော့်သမန်ဟာရှင်းဖြစ်ပြီး ၎င်းအနေဖြင့် မြန်မာ့အရေး ဖြေရှင်းနိုင်ရန် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံ၍ အဖြေရှာရန်လိုကြောင်း NUG က တိုက်တွန်းသည်။
“သူအနေနဲ့(မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်) မြန်မာနိုင်ငံအကြောင်းကို ထဲထဲဝင်ဝင် နားလည်အောင်ကြည့်ပြီး NUG အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံပြီး အဖြေရှာဖို့အတွက် လုပ်ကိုင်သွားမယ်လို့ မျှော်လင့်တယ်။ ဒါမှလည်း မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းရာမှာ ကူညီပေးနိုင်ရာရောက်မယ်” ဟု ဦးကျော်ဇော်က ဆိုသည်။
အာဆီယံအလှည့်ကျ ဥက္ကဌအနေဖြင့် မလေးရှားနိုင်ငံ တာဝန်ကျခြင်းသည် မြန်မာပြည်သူများ၏ စစ်မှန်သော သဘောထားကို ဖော်ဆောင်နိုင်မည့် ရှင်းလင်းပြတ်သားသော ခြေလှမ်းများ ပေါ်ပေါက်ရေးအတွက် အခွင့်အလမ်းသစ် တစ်ခုဖြစ်စေကြောင်း NUG ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဆိုထားသည်။
ယင်းခြေလှမ်းများတွင် အာဆီယံအနေဖြင့် NUG၊ တိုင်းရင်းသားအဖွဲ့များ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် တရားဝင် ပိုမိုထိတွေ့ဆက်ဆံကာ မြန်မာပြည်သူလူထု၏ စစ်မှန်သော သဘောထားနှင့် လိုက်လျောညီထွေရှိသော အဖြေများကိုရှာဖွေခြင်းလည်း ပါဝင်လာနိုင်ရန် မျှော်လင့်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
“ကျွန်တော်တို့ NUG အစိုးရနဲ့ မဟာမိတ်တွေ၊ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေက မလေးရှားနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့အတူလက်တွဲဖို့ အဆင်သင့် ရှိပါတယ်” ဟု NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဆက်လက်ပြောသည်။
လက်ရှိတွင် အာဆီယံက အတည်ပြုထားသော ဘုံသဘောတူညီချက် (၅) ရပ်ကို အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရသည့် နိုင်ငံများအနေဖြင့် အကောင်အထည် မဖော်နိုင်သည့်အတွက် အသစ်ခန့်အပ်လိုက်သော အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ စေလွှတ်သွားရန် စီစဉ်နေကြောင်း သိရသည်။
ဓာတ်ပုံ-ASEAN
#အာဆီယံ #အလှည့်ကျဥက္ကဋ္ဌသစ် #မြန်မာ့အရေး #ဖြေရှင်းရန် #NUG #Ayeyarwaddy_Times