
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
ယူကရိန်းနိုင်ငံနဲ့ စစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ ငြင်းဆန်ခြင်းအားဖြင့် သမ္မတ ဗလာဒီမာပူ တင်က ရုရှားနိုင်ငံကို ဖျက်ဆီးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
“ပူတင်က သဘောတူညီချက်မပြုလုပ်ပဲ ရုရှားနိုင်ငံကို ဖျက်ဆီးနေတယ်လို့ ကျွန်တော် ထင်ပါ တယ်။ ရုရှားနိုင်ငံမှာ ပြဿနာကြီးကြီးမားမားရှိနေတယ်လို့ ကျွန်တော် ယူဆပါတယ်” လို့ ဘဲဥပုံခန်းမကို ရောက်ရောက်ချင်း ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။
ပူတင်နဲ့တွေ့ဆုံဖို့ အစီအစဉ်တွေရှိကြောင်း သူက ထုတ်ဖော်ပြောခဲ့ပြီး ပထမသက်တမ်းအတွင်း ၎င်းတို့နှစ်ဉီးရဲ့ တွေ့ဆုံမှုဟာ လူအများရဲ့တုံ့ပြန်မှု ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
“ပူတင်က သဘောတူညီချက်တစ်ရပ် ပြုလုပ်လိုတဲ့ဆန္ဒရှိဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ဆက်ပြောပါတယ်။
ယူကရိန်းမှာ ပဋိပက္ခ တာရှည်နေတာကို ဒေါ်နယ်ထရမ့်က ဝန်ခံခဲ့ပြီး လူအများစုက ယူကရိန်း စစ်ပွဲကို တစ်ပတ်ခန့်သာကြာမယ်လို့ တွေးခဲ့ပေမယ့် လက်ရှိမှာ အဆိုပါပဋိပက္ခဟာ (၃) နှစ်ထဲဝင်လာပြီ လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံအပေါ် စစ်ပွဲရဲ့ အကျိုးသက်ရောက်မှုကို ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး စီးပွားရေးရုန်း ကန်ရမှုတွေနဲ့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ပြုလုပ်ဖို့ စိတ်ဝင်စား ကြောင်း ထုတ်ဖော်ပြောခဲ့တယ်လို့ သူက ပြောပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး အမြန်ဆန်ဆုံး လုပ်ဆောင်သွားဖို့ သမ္မတ မဲဆွယ်စည်းရုံးမှု ကာလအတွင်း ဒေါ်နယ်ထရမ့်က ကတိပြုခဲ့ပြီး အမေရိကန်ရဲ့ စစ်ရေးအကူအညီကို အလျှော့ပေးမှုတွေ ပြုလုပ်နိုင်ရေး ယူကရိန်းအပေါ် ဖိအားပေးဖို့ အသုံးပြုမယ်လို့ ဆိုပါတယ်။
ကိုးကား – AFP
Ref; Putin ‘Destroying Russia’ by Refusing Ukraine Deal, Trump Says
#Ayeyarwaddy_Times