ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်

အရပ်သား အစိုးရထံမှ အာဏာလုယူထားသည်မှာ ၄ နှစ် ခန့်ရှိလာပြီးဖြစ်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ဆေးရုံအချို့တွင် ဆရာဝန်များမရှိတော့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

နေပြည်တော်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် လက်ရှိကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ ကျန်းမာရေးဝန်ထမ်းများအခက်အခဲများနှင့်ပတ်သက်ပြီး ပြောကြားရာ၌ စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိရမည်ဟု မူဝါဒချမှတ်ပေးထားသော်လည်း အချို့သောဆေးရုံများ၌ ဆရာဝန်များမရှိတော့သည်ကို တွေ့ရသဖြင့် ကျန်းမာရေးဝန်ထမ်းအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ် ကြောင်း စစ်ခေါင်းဆောင်က ဆက်လက် ပြောကြားသည်။

လက်ရှိတွင်မြို့နယ်အဆင့်နှင့် တိုက်နယ်အဆင့်ဆေးရုံများတွင် ဆရာဝန်နှင့် သူနာပြုအပါအဝင် ကျန်းမာ ရေးဝန်ထမ်းများနည်းပါး နေပြီး ဆေးကုသနိုင်ရန်ခက်ခဲနေကြောင်း ဒေသခံများထံက သိရသည်။

” ရန်ကုန် ဆေးရုံကြီးမှာ‌တောင် ဆရာဝန်နဲ့ လူနာအချိုးအစားမလုံ လောက်ဘူး။ သူနာပြု တွေလည်းမရှိဘူး။ ( ဆေးရုံဝန်ထမ်း) ခရမ်းရောင်ဝတ်တွေက ဆေးပေးတာတွေ လုပ်နေပြီ။ ဆေးရုံတက်ဖို့လိုတဲ့လူနာကို ဆရာဝန်ကြည့်ဖို့ စောင့်နေရတယ် ။ အခန်းရဖို့ စောင့်ရတယ်။ အရေးပေါ် လူနာဆိုရင်မလွယ်ဘူး” ဟု ရန်ကုန် ဆေးရုံကြီးတွင်ကင်ဆာရက်ချိန်းပြနေရသူ လူနာရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဆေးရုံသတ်မှတ်ချက်တွင် ဗဟိုအဆင့်ဆေးရုံများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆေးရုံကြီးများ၊ ခရိုင်အဆင့်ဆေးရုံများ၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်အဆင့်ဆေးရုံများရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနထံမှ သိရသည်။

စစ်တပ်၏ အဓမ္မအာဏာသိမ်းမှုအပေါ် ဦးစွာဆန့်ကျင်ခဲ့ကြသူများတွင် ဆရာဝန်များပါဝင်ပြီး ပြည်သူ့ ဆေးရုံအသီးသီးမှဆရာဝန်များအပါအဝင် သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်း အမြောက်အများသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် CDM ပြုလုပ်ထားသည့်ဆရာဝန်များ၏ ဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ်ကို ရုတ်သိမ်းကာ အငြိုးတကြီးဖြင့် လိုက်လံဖမ်းဆီးစေခဲ့ပြီး CDM ဆရာဝန်များကို အလုပ်ခန့်ထားသည် ဆေးရုံပိုင်ရှင်များကိုပါ ဖမ်းဆီးကာ ဆေးရုံလုပ်ငန်းကို ပိတ်သိမ်းသည့် အထိ ဆောင်ရွက်ခဲ့သည်။

” CDM လုပ်တဲ့ ကလေးအထူးကုဆရာဝန်မလေးဆို အိမ်မှာပဲနေနေရတယ်။ ကြောက်တတ်တဲ့သူလည်းဖြစ်တော့ အခြားဘာမှမလုပ်ဘူးပေါ့။ ပညာတွေနှမြောစရာပဲ ” ဟု CDM ပြုလုပ်ထားသည့် ဆရာဝန်များနှင့် ရင်းနှီးသူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ပြည်သူ့ဆေးရုံများ #ဆရာဝန်မရှိ #ကျန်းမာရေးစောင့်ရှောက်မှုနည်း #Ayeyarwaddy_Times