
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
မြန်မာနိုင်ငံ အလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အစိုးရရုံးများ ဖွင့်လှစ်သွားမည်ဟု ထုတ်ဖော်ပြောဆိုလာပြီး ဒေသတွင်း၌ ပြဿနာတချို့ ရှိနေသော်လည်း ယခုနှစ်တွင် စစ်ရေးအရှိန်မြှင့်လာနိုင်ကြောင်း တော်လှန်ရေး အင်အားစုများနှင့် လေ့လာသူတို့က သုံးသပ် ထောက်ပြသည်။
အညာဒေသဟု လူသိများသော စစ်ကိုင်းတိုင်းတွင် စစ်ရေးအရှိန်အဟုန် တိုးမြှင့်ရန်အတွက် “၁၀၂၇ စစ်ဆင်ရေး” ၊ “ရှမ်း-မန်း စစ်ဆင်ရေး” တို့တွင် ပါဝင်ဆင်နွှဲခဲ့သော NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသတွင်း တော်လှန်ရေး အင်အားစုများက ထုတ်ဖော်ပြောဆိုကာ ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။
“အခြားဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ လျော့ကျသွားတာနဲ့ လှည့်ပတ်တိုက်နေတဲ့ အညာသားတွေက စစ်ကိုင်းပြန်ရောက်ပြီး ချကြမှာပဲ။ အဲဒီတော့ စစ်ကိုင်းတိုင်းမှာတော့ ၂၀၂၅ က စစ်ရှိန်မြင့်လာမယ်ဆိုတာ သေချာသလောက်လို့ ပြောလို့ရတယ်” ဟု စစ်ကိုင်းဖိုရမ် တာဝန်ရှိသူ ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် နိုင်ငံတစ်ဝန်း မရှုမလှ စစ်ရှုံး၍ နယ်မြဒေသ၊ တပ်စခန်းပေါင်းများစွာ လက်လွှတ်ဆုံးရှုံးနေရပြီး စစ်ကိုင်းတိုင်းတွင်လည်း လက်ရှိတွင် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်နှင့် မြို့နယ်တချို့ကိုသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်တော့ကြောင်း သိရသည်။
တိုင်းဧရိယာ၏ ၈၀ ရာခိုင်နှုန်းခန့်ကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားပြီး အဓိကပင်မ လမ်းမကြီးများအား စိုးမိုးထားကာ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)နှင့် တိုင်းအဆင့် အစိုးရရုံးများ တည်ရှိရာ မုံရွာမြို့ကိုလည်း ခြိမ်းခြောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“အခုနောက်ပိုင်းမှာဆိုရင် ကျွန်တော်တို့ တော်လှန်ရေး တပ်တွေအနေနဲ့ ပြန်လည်အားကောင်းပြီးတော့ စည်းလုံးလာတာ မြင်ရတယ်။ ဒါပေမယ့် ပြဿနာတွေကတော့ ပူးတွဲယှဉ်တွဲပြီး ရှိနေတုန်းပဲပေါ့နော်” ဟု Myingyan Black Tiger-MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ခုခံတော်လှန်မှု အားကောင်းလာသည်နှင့်အမျှ တစ်ဖက်တွင်လည်း ဒေသတွင်း ပြဿနာများ ရှိနေဆဲ ဖြစ်ကာ ထိုအခြေ အနေများအား အချိန်မီထိန်းကျောင်းနိုင်ရန်အတွက် NUG သည် ယခုလအတွင်း အစိုးရအဖွဲ့ရုံးများ ဖွင့်လှစ်၍ အုပ်ချုပ်ရေး ယန္တရားများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားနေသည့် အဆိုပါ ပြဿနာများမှာ NUG လက်အောက်ခံ “ပသုံးလုံး” ယန္တရားဖြစ်သော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပ.လ.ဖ)တို့နှင့် ဒေသတွင်း အရပ်သားပြည်သူ၊ အခြားတော်လှန်ရေး အင်အားစုများ အကြား ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
သို့သော် NUG အစိုးရအနေဖြင့် မည်သည့်ပုံသဏ္ဍန်နှင့်ပင်ဖြစ်စေ တည်ငြိမ်သည့် တစ်စိတ်တစ်ပိုင်း၊ လွတ်မြောက်သော နယ်မြေတစ်ခုဖြစ်အောင် တည်ဆောက်ပြီးမှ လုပ်၍ရမည်ဖြစ်ပြီး ယင်းကဲ့သို့ မဟုတ်ပါက ကျန်ရှိအင်အားဖြင့် စစ်ကောင်စီက တားဆီးနေမည်ဖြစ်ကြောင်း လေ့လာသူ တို့က ထောက်ပြသည်။
“အဲဒီအစိုးရရုံးဆိုတာဟာ ရွေ့လျားလှုပ်ရှားနိုင်တဲ့ ရုံးအဖွဲ့မျိုးဖြစ်ရင် ထိုးစစ်အခြေအနေကို ကြည့်ပြီး တော့ တိမ်းရင်းရှောင်ရင်း ရပ်တည်လို့ ရပါတယ်။ ဒါပေမယ့် တည်ငြိမ်တဲ့ အုပ်ချုပ်ရေးတော့ ဖြစ်မှာမဟုတ်ဘူး” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုအတွက် NUG အစိုးရအနေဖြင့် ပြင်ဆင်ဆောင်ရွက်နေသည်မှာ ကြာပြီဖြစ်ပြီး မြေပြင်အင်အားစု များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေးကိစ္စသည်လည်း တိုးတက်မှုများရှိသော်ငြား ဆွေးနွေးညှိ နှိုင်းမှုများ အဆင်ပြေသွားပြီဟု ပြော၍မရကြောင်း တော်လှန်ရေး အင်အားစုများက ဆိုသည်။
“ဒီလိုဆွေးနွေး ညှိနှိုင်းမှုတွေက တစ်ဦးတစ်ဖွဲ့တည်းနဲ့ ပြီးတဲ့ကိစ္စ မဟုတ်တဲ့အတွက် လုပ်ငန်းစဉ် (Process) အနေနဲ့ ဖြည်းဖြည်းချင်း ညှိနှိုင်းယူသွားရမယ့် ကိစ္စရပ်တွေဖြစ်တယ်။ တိုးတက်မှုတွေ ရှိပေမယ့် ပြီးပြတ်သွားတဲ့ အတွက် ဒီလိုလုပ်တာတော့ မဟုတ်ပါဘူး” ဟု စစ်ကိုင်းဖိုရမ် တာဝန်ရှိသူ ကိုစိုးဝင်းဆွေက ပြောသည်။
လက်ရှိစစ်ကိုင်းတိုင်းတွင် NUG အစိုးရ၏ “ပသုံးလုံး” ယန္တရား၊ စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖိုရမ်နှင့် တော်လှန်ရေး အင်အားစုများက ဒေသတွင်း အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး အပြင် စစ်ဘေးရှောင် ကူညီရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“အဲ့အနေထားမျိုးမှာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရင်တော့ စစ်ဆင်ရေးဟာ ပိုမို မြန်ဆန်ပြီးတော့ အကောင်းဆုံး အဖြေတစ်ခု ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
#NUGရုံးစိုက် #စစ်ကိုင်းတိုင်း #ပြဿနာ #စစ်အရေးအရှိန်မြှင့်လာနိုင် #Ayeyarwaddy_Times