မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

“နာရေးလုပ်ခွင့်မရှိဘူး။ ပေးထားတဲ့အချိန်အကန့် အသတ်ပြီးရင် လိုင်းခန်းကဆင်းရမယ်။ ကျွန်မတို့ ရပိုင်ခွင့်က တည်းခိုခန်းတည်းသလို အချိန်ပြည့်ရင် အခန်းကဖယ်ရမယ်။ ကျွန်မတို့ရဲ့ အိမ်ထောင်ဦးစီးက တော့ သေသွားခဲ့ပြီ”

အရာခံဗိုလ်အဆင့်ရှိတဲ့ မလွင်မာရဲ့အမျိုးသားဟာ ယခုလတ်တလော တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော် ဘက်မှာ လက်နက် ကြီးထိမှန်ပြီး ဗိုက်ပွင့်ထွက် သေဆုံးခဲ့ရပါတယ်။

အဲဒီသေဆုံးမှုကို စစ်ကောင်စီက အကြောင်းကြားရာမှာ ဇန်နဝါရီ ၂ ရက်နေ့က တိုက်ပွဲမှာကျတယ်၊ တပ်ထဲက လိုင်းခန်းမှာ နာရေးလုပ်ခွင့်မရှိဘူး။ ကြိုက်တဲ့နေရာသွားလုပ်။ နေခွင့်ရှိတဲ့အချိန်ထိ လိုင်းခန်း မှာနေ၊ နေရာကြိုရှာထားဆိုပြီး မလွင်မာကို တပ်ရင်းမှူးက ခေါ်အကြောင်းအကြားခဲ့တာပဲ ဖြစ်ပါတယ်။

တပ်တွင်းအစဉ်အလာအရ အိမ်ထောင်စုရဲ့ ဦးဆောင်သူ စစ်မှုထမ်းတစ်ယောက်သေဆုံးရင် မိသားစုက တပ်လိုင်းခန်းမှာ ခြောက်လအထိ နေထိုင်ခွင့်ရှိပါတယ်။

“အရင်ကတော့ တိုက်ပွဲမှာ ကိုယ့်လူကျသွားရင် မိသား စုက တပ်လိုင်းခန်းထဲ ခြောက်လနေခွင့်ပေးတယ်။ အခုကတော့ ဘယ်လောက်နေခွင့်ပေးမယ် မသိဘူး။ တပ်ရင်းမှူး သဘောထားအပေါ် မူတည်တယ်။ ခြောက်လထိနေပြီးသွားရင် ကျွန်မတို့ ဘယ်ကိုရွှေ့ရမယ်ဆိုတာ မသိသေးပါဘူး”လို့ အသက် ၄၀ အရွယ် မလွင်မာက ပြောပါတယ်။

စစ်ကောင်စီတပ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေဆုံးမှု မြင့်တက်နေတဲ့ အတွက် ခြောက်လအတွင်း သေပင်စင်နှင့် ခံစားခွင့်တွေရရှိဖို့ မိသားစုက အသည်းအသန်ကြိုးပမ်းနေရပြီး သေပင်စင်မကျခင်မှာ လစာလည်းမရတော့ဘဲ တပ်အတွင်း နေထိုင်ခွင့်တစ်ခုသာရှိကာ စားသောက် အသက်ရှင်ဖို့အတွက် ခက်ခက်ခဲခဲရုန်းကန်ရတယ်လို့ သိရပါတယ်။

“ကျွန်မယောက်ျားက ပြောရရင် အစိမ်းသေ သေတာ။ အဲဒါကို လိုင်းခန်းမှာ နာရေးမလုပ်ရဘူးဆိုတော့ ကျွန်မတို့ ဘယ်သွားလုပ်ရမလဲ။ ကျွန်မတို့ဒီထဲမှာနေလာတာ ကျွန်မအသက်ထက်ဝက် လောက်ရှိပြီ။ ဒါ ကျွန်မတို့ အိမ်ပါပဲ။ ကျွန်မယောက်ျားက နာရေးလည်းမလုပ်ရလို့ ကျွတ်မှာမဟုတ်ဘူး”လို့ မလွင်မာက ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲအတွင်း အရာရှိ၊ အရာခံနှင့် အောက်ခြေတပ်သားတွေ ထိခိုက်သေဆုံးမှုများနေ တာကြောင့် နာရေးလုပ်ခွင့်ပေးရင် တစ်နှစ်ပတ်လည်လုံး နာရေးပွဲတွေ ဆက်နေမှာဖြစ်ပြီး နောက်တန်းမှာ ကျန်နေတဲ့ မိသားစုဝင်တွေနဲ့ ရှေ့ တန်းကိုလွှတ်ဖို့ပြင်နေတဲ့ တပ်သားတွေပါ စိတ်ဓာတ်ကျဆင်းမှာစိုးပြီး နာရေးလုပ်ခွင့်မပေးတာလို့ သိရပါတယ်။

အာဏာရှင်လူတစ်စုအတွက် အသက်ပေးတိုက်ပွဲဝင် နေကြတဲ့ တပ်ဖွဲ့ဝင်တွေ တိုက်ပွဲအတွင်း သေဆုံး တဲ့အခါမှာတော့ သူတို့ကာကွယ်နေတဲ့ အာဏာရှင်လူတစ်စုက သူတို့ကို ဘာအထောက်အပံ့မှ မပေး တော့ပါဘူး။

ထုံးတမ်းစဉ်လာအရ ပြုလုပ်ရတဲ့ နာရေးလုပ်ခွင့်ကိုပါ ပိတ်ပင်ခံထားရပါတယ်။ ပြီးရင်တော့ အချိန်တန်တဲ့အခါ မိသားစုကို သတိပေးစာထုတ်ပြန်ပြီး တပ်လိုင်းခန်းက နှင်ထုတ်တော့တာပါပဲ။

စစ်ကောင်စီပေးတဲ့ မုဆိုးမအိမ်ရာလိုမျိုး တပ်မိသားစုဝင်တွေနေထိုင်ခွင့်ရှိတဲ့ အိမ်ရာမှာလည်း စစ်တပ် အရာရှိအဆင့်နဲ့ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ ပိုင်ရာဆိုင်ရာတွေသာ နေရာရနေကြပြီး မလွင်မာ တို့လိုအရာခံဗိုလ်အဆင့်ရဲ့ မိသားစုဝင်တွေကတော့ အဲဒီလို အိမ်ရာတွေမှာ နေထိုင်ဖို့ အခြေအနေ မပေးပါဘူး။

ပြီးခဲ့တဲ့ ရခိုင်ပြည်နယ် ဂွနဲ့ အမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်ချီသေဆုံးခဲ့ပြီး သေဆုံး သူတွေထဲမှာ ဗိုလ်ကြီးနဲ့ ဗိုလ်မှူးအဆင့်တွေပါ ပါရှိပြီး တပ်မမှူး၊ တပ်ရင်းမှူး၊ တိုင်းမှူးအဆင့်တွေပါ အဖမ်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

အဲဒီသေဆုံးခဲ့တဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် နေစရာဖန်တီးပေးဖို့ဆိုတာ စစ်ခေါင်းဆောင်နဲ့ အရာရှိ တွေရဲ့ ထည့်သွင်းစဉ်းစားမှုထဲမှာ မပါရှိပါဘူး။ အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီး(နပခ)တစ်ခုလုံး အာရက္ခတပ်တော် (AA) လက်ထဲရောက်ရှိနေချိန်မှာတောင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အားကစားပြိုင်ပွဲကို ပျော်ပျော်ပါးပါးနဲ့ ဟန်မပျက် ကျင်းပခဲ့ပြီး သူကိုယ်တိုင်ပင် တက်တက်ကြွကြွ ပါဝင်တက်ရောက်ခဲ့ပါတယ်။

နောက်တန်းမှာကျန်နေတဲ့ မလွင်မာတို့လို မိသားစုဝင်တွေဟာ စစ်တပ်ဝင်းလုံခြုံရေးအတွက် ကင်းစောင့် ရတာတွေလုပ် ဆောင်ကြရပါတယ်။

တပ်အတွင်း နေထိုင်ရာမှာလည်း ပြင်ပထွက်ခွင့်ကို အချိန်နှင့်သာထွက်ရပြီး အဝင်အထွက်ကို အထူး စစ်ဆေး တားမြစ်ခံထားရပါတယ်။ နေခွင့်ပြည့်လို့ စစ်တပ်ထဲက ထွက်ကြရမယ်ဆိုရင် အရပ်သား ပြည်သူတွေနဲ့ ရောနှောနေထိုင်ဖို့အတွက် မလွင်မာတို့အနေနဲ့ တုန်လှုပ်ရတယ်လို့ ဆိုပါတယ်။

” ပြည်သူအပေါ် ရန်သူလို တစ်ဆင့်နှိမ့်အနေအထားနဲ့ ဆက်ဆံလာတဲ့အတွက် အခုအမျိုးသားမရှိတော့လို့ ရပ်ကွက်ထဲဆင်းနေရရင် ကျွန်မတို့ ဘယ်လိုမျက်နှာပြောင်နဲ့ နေရဲပါ့မလဲ။ ကျွန်မတို့ကို ဘယ်သူမှ စာနာမှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

အရပ်သားပြည်သူတွေအပေါ် ရန်သူလိုဆက်ဆံခဲ့တဲ့ စစ်တပ်အသိုင်းအဝိုင်းဟာ ပြည်သူတွေကြားထဲမှာ လက်နက်မပါ၊ အစုအဖွဲ့မပါရင် သီးခြားရပ်တည်ဖို့ဆိုတာ သူတို့ကိုယ်တိုင်ပင် ကြောက်လန့် ရှက်ရွံ့ နေရတဲ့အနေ အထားဖြစ်ပါတယ်။

မလွင်မာတို့လို အရပ်သားပြည်သူတွေထဲဆင်းနေဖို့ လိပ်ပြာမလုံ ထိတ်လန့်နေတဲ့သူ နောက်ထပ်မိသားတစ်စုကတော့ စစ်ကောင်စီတပ်ထဲက မမိုးမိုးတို့ပဲ ဖြစ်ပါတယ်။

တပ်ကြပ်ကြီးအဆင့်တဲ့ မမိုးမိုးရဲ့အမျိုးသားဟာ ပဲခူးတိုင်းထဲက တပ်မဌာနချုပ်တစ်ခုမှာ တာဝန်ကျ နေတာဖြစ်ပြီး တပ်ကနေထွက်ဖို့ အကြိမ်ကြိမ်စာတင်ခဲ့သူလည်း ဖြစ်ပါတယ်။ ထွက်ခွာခွင့် မပေးတဲ့အတွက် တပ်ထဲကနေ နှစ်ကြိမ်တိုင် ထွက်ပြေးခဲ့သူလည်း ‌ဖြစ်ပါတယ်။

သူထွက်ပြေးစဉ်မှာ သူ့ရဲ့မိသားစုဝင်တွေကို တပ်အတွင်းဖမ်းဆီးခြိမ်းခြောက်ထားတဲ့အတွက် မမိုးမိုးရဲ့ အမျိုးသားဟာ ပြန်လာပြီး ပဲခူးအနောက်ခြမ်းရဲ့ တိုက်ပွဲအတွင်း ပို့ဆောင်ခံရစဉ်မှာ လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့တာပဲဖြစ်ပါတယ်။

“တောင်ဒဂုံက အမေ့အိမ်မှာ မိသားစုတွေပြန်နေကြရမှာ။ ပတ်ဝန်းကျင်ကိုတော့ ပဲခူးတိုင်းထဲ စစ်ဖြစ်လို့ စစ်ပြေးလာတဲ့သူတွေလို့ အသိပေးခိုင်းထားတယ်”လို့ မမိုးမိုးက ပြောပါတယ်။

အာဏာသိမ်းပြီး ဆန္ဒပြမှုဖြစ်စဉ်တွေမှာ စစ်တပ်ဟာ ပြည်သူကို ဘယ်လောက်အထိ ရက်ရက်စက်စက် ဆက်ဆံခဲ့တယ်၊ ဖမ်းဆီးတယ်၊ ငွေညှစ်တယ်၊ အကောင်းပကတိ ပြန်မရလောက်တော့တဲ့အထိ ညှဉ်းပန်းမှုတွေလုပ်ဆောင်ခဲ့တာကို ပြည်သူတွေဟာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးပါပြီ။

စစ်ကြောရေးခန်းတွေထဲ ဖမ်းဆီးခေါ်ခံခဲ့ရတဲ့ လူငယ်တွေရဲ့ မိသားစုဝင်တွေဟာ သိန်းရာချီကုန်ခံပြီး စစ်တပ်ထံက ကိုယ့် မိသားစုဝင်ရဲ့အသက်ကို ငွေနဲ့လိုက်လဲခဲ့ရတာပါ။

စစ်တပ်ဟာ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခံရတဲ့ လူငယ်လေးတွေကိုလည်း မတရားညှဉ်းပန်း နှိပ်စက်ပြီး မိသားစုထံက ငွေသိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ တောင်းယူပြီး ဆိုင်ရာပိုင်ရာတွေနဲ့ အတူ ယခုကာလအတွင်း ကြီးပွားတိုးတက်လာတာ မျက်မြင်ပဲဖြစ်ပါတယ်။

သတင်းပျံ့နှံ့မှုမြန်ဆန်တဲ့ မြို့ကြီးတွေမှာတောင် စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေအပေါ် လုပ်ဆောင်တဲ့ လုပ်ရပ်ဟာ နှလုံး နာစရာကောင်းပြီး ယုတ်မာရက်စက်တဲ့ အသိုက်အဝန်းလို့ ပြည်သူတွေရဲ့ သတ်မှတ်ခြင်းခံထားရတာမို့ တိုက်ပွဲ ဖြစ်ပွားတဲ့ နယ်တွေမှာဆိုရင် စစ်တပ်ဟာ ပြည်သူကို ဘယ်လိုဆက်ဆံလိမ့်မလဲဆိုတာ တွေးကြည့်နေဖို့တောင်မလိုပါဘူး။

ဒါပေမဲ့ စစ်တပ်ဟာ သူတို့ရဲ့လုပ်ရပ်ကို ဘယ်တုန်းကမှ ဝန်မခံခဲ့ပါဘူး။

စစ်တပ်ထောက်ခံသူ တပ်လော်ဘီတွေရဲ့ ယုတ်ညံ့တဲ့အတွေးအခေါ်နဲ့ အချင်းချင်း ဝိုင်းဝန်းဖုံးဖိရင်း စစ်တပ်ဟာ လူသတ်ဓားပြတိုက်တဲ့ လုပ်ရပ်တွေကို ဆက်တိုက်ပြုလုပ်နေတာပဲဖြစ်ပါတယ်။ အဲဒီလို လုပ်ရပ်တွေကို တပ်မိသားစုတွေဟာ မသိဘဲမနေပါဘူး။ ယနေ့ IT ခေတ် သတင်းစီးဆင်းမှုဟာ ပြည်သူပဲသိရမယ့်သတင်း၊ တပ်မိသားစုပဲ သိရမယ့်သတင်းဆိုပြီး ခွဲခြားစီးဆင်းနေတာ မဟုတ်ပါဘူး။

တပ်မိသားစုဝင်တွေဟာ ရှေ့တန်းတိုက်ပွဲတွေမှာ သူတို့သားတွေ သူတို့မောင်တွေ သူတို့ယောက်ျားတွေ ဘယ်လိုအဖြစ်ဆိုးမျိုးနဲ့ သေနေရတယ်ဆိုတာ အသိဆုံးမို့ အထက်အရာရှိကနေ အောက်ခြေစစ်သား အထိ ငွေနဲ့လိုက် လူစားထိုးပြီး ရှေ့တန်းမပါဖို့ ကြိုးစားနေရတာပဲဖြစ်ပါတယ်။

“တပ်ထဲက ယောက်ျားသေသွားတဲ့ မုဆိုးမဟာ ခြေသုတ်ပုဝါလောက်တောင် အသုံးဝင်ပါဘူး။ ခြေသုတ် ပုဝါဟာ ဧည့်ခန်းမှာတောင် နေရာပေးခံရပါသေးတယ်။ ကျွန်မတို့ မုဆိုးမတွေကတော့ တပ်ထဲလည်း မနေရ၊ အရပ်ထဲလည်းမဝင်နိုင်နဲ့ တကယ့်ခြေသုတ်ပုဝါအောက်အဆင့်ပါ”လို့ မမိုးမိုးက ဆိုပါတယ်။

လစာအပြင် အရပ်သားပြည်သူတွေဆီကနေ ဆိုင်ကယ် အစုတ်ကစလို့ အိတ်ကပ်ထဲပါတဲ့ ငွေကြေး ထောင်ဂဏန်းတောင် နှိုက်ထုတ်ယူနေတဲ့ မြို့ကြီးတွေမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကတော့ သာယာနေကြတာ အမှန်ပါပဲ။

ရှေ့တန်းကို ပို့မယ့်စာရင်းထွက်လာမှသာ မိသားစုနဲ့ အိမ်ကဇနီးမယားကို မုဆိုးမစာရင်းသွင်းပြီးသာ နေရစ်ခဲ့ကြဖို့ မှာရတဲ့အဆင့်ကို ရောက်ရှိကြတာဖြစ်ပါတယ်။

“ကျွန်မယောက်ျားက နောက်တန်းကိုပြန်လာရတယ်မရှိဘူး။ သူများတွေရနေသလို ဧည့်စာရင်းနဲ့ ဖမ်းလာတဲ့ ကလေးတွေဆီက ငွေကြေးဝေပုံကျလည်း မရဖူးဘူး။ ဆိုင်ကယ်သိမ်း၊ ကားသိမ်းနဲ့ အဲဒါတွေရောင်းလို့ထွက်လာတဲ့ ငွေလည်း မစားခဲ့ဖူးဘူး။ တပ်ကင်းမှူးက‌တော် ကတော့ ဆွဲကြိုးက ဂုတ်ကျိုးကျတော့မယ်။ အခုရှေ့တန်းမှာ ကျွန်မယောကျ်ားကို ပျောက်ဆုံးစာရင်းထည့်ထားလို့ လစာတောင်မရတော့ပါဘူး”လို မမြတ်သူက ပြောပါတယ်။

မမြတ်သူရဲ့ အမျိုးသားဖြစ်သူဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကတည်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်ကို ပို့ဆောင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဘားအံအခြေစိုက် တပ်မ (၂၂) က မမြတ်သူယောက်ျားဟာ နောက်တန်းလူလဲပြန်ခွင့်မရှိဘဲ ပုဏ္ဏား ကျွန်းမြို့ နယ်ထဲ တာဝန်ကျခဲ့ပြီး မိခင်တပ်မက ပျောက်ဆုံးစာရင်းထဲ ထည့်ထားတဲ့အတွက် မမြတ်သူတို့ မိသားစုဟာ ပင်စင်၊ သက်စွန့်စရိတ်၊ ပုံမှန်လစာ စတာတွေကို ခံစားခွင့်မရှိတော့တဲ့အပြင် လိုင်းခန်းကပါ မောင်းချ ခံထားရတာဖြစ်ပါတယ်။

မမြတ်သူတို့ မိသားစုလို ထွက်ပြေး၊ ပျောက်ဆုံးစာရင်းထည့်ခံထားရတဲ့ အောက်ခြေစစ်သားတွေ တပ်ထဲမှာ အများကြီးရှိနေပြီး အလောင်းပြန်ရဖို့ သေဆုံးကြောင်းသက်သေတစ်ခုရဖို့ ကြံဖန်ကြိုးစား နေကြရတယ်လို့ မမြတ်သူက ပြောပါတယ်။

“ကျွန်မတို့က လူမသနားတဲ့၊ လူမုန်းတဲ့ ဘယ်နေရာကိုမှ ဝင်မဆံ့နိုင်တော့တဲ့ မုဆိုးမတွေပါ။ ကိုယ်ထောက်ခံခဲ့တဲ့ အဖွဲ့အစည်းကနေ စွန့်ပစ်ခံလိုက်ရတဲ့ အဝတ်စုတ်အဆင့်တွေပါ”

#စစ်သားမယားအပယ်ခံများ #အမျိုးသမီးကဏ္ဍဆောင်းပါး #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)