နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အရပ်သားများကို အတင်းအဓမ္မ လိမ်ညာစည်းရုံး၍ တပ်သားသစ် စုဆောင်းမှုသည် လူဦးရေ ၅၀,၀၀၀ ထက်မနည်း ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ထံက သိရသည်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)သည် တပ်သားသစ် စုဆောင်းရာတွင် အရပ်သားများကို ၎င်းတို့တပ်တွင်းသို့ မဝင်ပါက စစ်ကောင်စီတပ်တွင်း ဝင်ရလိမ့်မည်ဆိုသည့် ပြောဆိုမှုအပါအဝင် ရှေ့တန်းမပို့ဟု အာမခံပေးခြင်း၊ ကရင်နီ (ကယား)နှင့် လူမျိုးရေး မှိုင်းတိုက်ခြင်းတို့ကို အဓိကစည်းရုံး လုပ်ဆောင်နေကြောင်း PYO ထံက သိရသည်။

“PNO/ PNA တပ်ထဲကို မဝင်ရင် စစ်ကောင်စီထဲ ဝင်ရလိမ့်မယ်။ မိမိကျေးရွာ ဒေသနယ်မြေ လုံခြုံရေးကို ကာကွယ်နိုင်ဖို့ PNO/PNA တပ်ထဲကို ဝင်ပါ၊ ရှေ့တန်းမထွက်ရဘူး။ ကရင်နီ၊ SSPP တို့နဲ့ မှိုင်းတိုက်စည်းရုံးမှုတွေ အဓိကလုပ်တယ်” ဟု PYO ဒုဥက္ကဋ္ဌ ခွန်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တပ်သားသစ် စုဆောင်းမှုကို PNO/PNA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်ကတည်းက စတင်ခဲ့ပြီး တစ်နှစ်အတွင်း အရပ်သား ငါးသောင်းထက်မနည်း စုဆောင်းခံရကာ ထိုသူများကို သုံးရက်မှ တစ်လအများဆုံး စစ်သင်တန်းပေး၍ ဘယ်ညာညှိ၊ သေနတ်ဖြုတ်တပ်ပစ်ကိုသာ အဓိကထား သင်ကြားလေ့ကျင့်ပေးကြောင်း သိရသည်။

ထိုသို့ စုဆောင်းခံရသူများထဲ အရွယ်မရောက်သေးသော အသက် ၁၈နှစ်အောက် ကလေးငယ်များလည်း ပါဝင်နေပြီး PNO/PNA က စစ်သင်တန်းပေးပြီးနောက် ၎င်းတို့အထိုင် စခန်းများအပြင် စစ်ရှုံးစစ်ကောင်စီနှင့် ပူးတွဲ၍ ရှေ့တန်းပို့မှုများကြောင့် ထိခိုက်သေဆုံး၊ ဖမ်းဆီးရမိ၊ ထွက်ပြေးမှုများ ရှိနေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက စစ်မှုထမ်း ဥပဒေကို အသက်သွင်းလိုက်သည့်အတွက် ၎င်းတို့နှင့် PNA တို့၏ တပ်သားသစ် စုဆောင်းမှုတို့ကြောင့် လူငယ်များသည် နီးစပ်ရာ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမိုမြင့်တက်လာကြောင်း သိရသည်။

“၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အတော်မြင့်တက်လာတယ်။ လေကြောင်း၊ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးမှု၊ နေအိမ်မီးရှို့ခံရမှု စတာတွေ များစွာမြင့်တက်လာပြီး ဆပ်ကြေးကောက်တာ၊ စစ်သားစုဆောင်းခံရတာဟာ အိမ်ထောင်စုတိုင်း ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်” ဟု PYO ဒုဥက္ကဋ္ဌ ခွန်ဦးက ဆိုသည်။

စစ်ကောင်စီနှင့် PNO/PNA ပြည်သူ့စစ်အဖွဲ့သည် အရပ်သား ပြည်သူများကို လက်နက်များ/ အကြောက်တရားများဖြင့် ဖိနှိပ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ ညှင်းပန်းသတ်ဖြတ်ခြင်း စသည့်တို့ကို ကျူးလွန်နေပြီး ထိုလူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖုံးကွယ်ရန် ဘာသာရေး၊ လူမျိုးရေး အာရုံလွဲ ခွဲခြားဖိနှိပ်နေကြောင်း သိရသည်။

ဓာတ်ပုံ- PNA

#ရှမ်းတောင် #ပအိုဝ်းပြည်သူ့စစ် #၁နှစ်အတွင်း #အရပ်သားများ #တပ်သားသစ်စုဆောင်း #လူဦးရေ၅၀၀၀၀အထက်ရှိ #Ayeyarwaddy_Times