ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

စစ်ကောင်စီက ရန်ကုန်မြို့ပြတွင်ပင် တစ်နေ့လျှင် ၄ နာရီသာ လျှပ်စစ်မီးပေးနေပြီး ထိုသို့ ပေးရခြင်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းများကို ပြည်သူများကန့်ကွက်၍ လျှပ်စစ် လိုအပ်ချက်များနေခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မန္တလေးတိုင်းသို့ရောက်ရှိနေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့က မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်မီးလုံလောက်စွာရရှိခြင်း မရှိသည်မှာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင် အထည်ဖော်မှုအပေါ် ပြည်သူများ၏ ကန့်ကွက်မှုများရှိခဲ့ပြီး လက်ရှိလျှပ်စစ်ထုတ်လုပ်သည့် အချို့စက်ရုံများက စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းများ၊ ဓာတ်ငွေ့ လိုအပ်ချက် မပြည့်မီမှုများကြောင့် အခက်အခဲများရှိနေခြင်းဖြစ်ကြောင်းစစ်ခေါင်းဆောင်က ပြောကြားသည်။

မြန်မာနိုင်ငံရှိသဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးတွင် ထိုင်းနိုင်ငံ အစိုးရနှင့် ပုဂ္ဂလိကပိုင်ကုမ္ပဏီ တစ်ခုဖြစ်သော PTTEP ကုမ္ပဏီက တူးဖော်နေသည့် လုပ်ကွက်ပေါင်း ခြောက်ခုကျော်ရှိပြီး အဆိုပါ လုပ်ကွက်များထဲမှ မြန်မာနိုင်ငံက လျှပ်စစ် ဓာတ်အားသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းရရှိပြီး ထိုင်းနိုင်ငံ လျှပ်စစ်သုံးစွဲမှု၏ ၂၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေကြောင်းသိရသည်။

ထို့ပြင်ရခိုင်ပြည်နယ်ရှိ ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်မှ တရုတ်နိုင်ငံ ကူမင်းမြို့အထိပေးပို့နေသော သဘာ၀ဓာတ်ငွေ့ကို ချုံချင့်မြို့ထိတိုးချဲ့ရန်ပြင်ဆင်နေကြောင်း စစ်ကောင်စီထံက သိရသည်။

မြန်မာနိုင်ငံတွင်လျှပ်စစ်ထုတ်လုပ်မှု တစ်ရက်ပျမ်းမျှ ၂၂၀၀ မဂ္ဂါဝပ် ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ ၅၀ ရာခိုင်နှုန်း ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနထံက သိရသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အားကို ၂၀၂၅ ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းအတွက် ၄၈ ရာခိုင်နှုန်း ၊ မန္တလေးတိုင်း ၁၇ ရာခိုင်နှုန်း ၊ ကျန်တိုင်းနှင့် ပြည်နယ်များအတွက် ၃၅ ရာခိုင် နှုန်း အချိုးအစားဖြင့်ရရှိနေကြောင်း ယင်းဌာနထံက သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ MOI
#လျှပ်စစ်မီးမလုံလောက် #လျှပ်စစ်စီမံကိန်း #ရေအားလျှပ်စစ် #ပြည်သူများကန့်ကွက် #Ayeyarwaddy_Times