ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ရက်

ဂွမြို့အသိမ်းခံရပြီး တိုက်ပွဲများ ဧရာဝတီတိုင်းအတွင်းရောက်ရှိလာပြီး ကျေးရွာအချို့ပါအသိမ်းခံရချိန်တွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံး၍ တိုက်ခိုက်လာသည့်အတွက် ဒေသခံများ စစ်ရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့က ကုလားချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် မကျီးစင်၊ ကျောက်ချွန်း၊ ချောင်းဝချိုင်၊ အမော်ကြီး၊ ကုလားချောင်း၊ ရွှေသောင်ယံ၊ ချောင်းသာနှင့် သာပေါင်းမြို့နယ်ထဲမှ ကျေးရွာအချို့ရှိ ဒေသခံများ ရန်ကုန်နှင့် ပုသိမ်ဘက်သို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

“ဒေသခံကတော့ ငါးထောင်လောက်ရှိမယ်။ ရန်ကုန်၊ ပုသိမ်၊ ရွှေသောင်ယံဘက်ကို စစ်ရှောင်ကြတယ်” ဟု ဧရာဝတီသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဧရာဝတီတိုင်းအတွင်းရှိကျေးရွာအချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး ဒေသခံများ ဆက်သွယ်ရေးခက်ခဲနေကြောင်း သိရသည်။

“ဂျိတ်လတ်က ဘုရားတည်ထားတဲ့ တောင်ပေါ်တစ်ခုပဲလိုင်းမိတော့တယ်။ ကျန်တဲ့နေရာတွေ ဆက်သွယ်လို့မရဘူး” ဟု ဧရာဝတီသတင်းရင်းမြစ်ကပြောသည်။

ထို့အပြင် ပြာတိုက်တွင် စစ်ဘေးရှောင်နေသည့် စစ်ရှောင်များ သောက်သုံးရေ အခက်အခဲကြောင့် ဝမ်းရောဂါများဖြစ်ပွားနေကြောင်း စစ်ရှောင်များကို ကူညီသူထံက သိရသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် AA တို့ ရွှေသောင်ယံမြို့နယ်အတွင်းရှိ မကျီးစင်ရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး AAက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ပွဲအရှိန်ပြင်းထန်လာ၍ ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းမြို့နယ်အပိုင်ထဲမှကျေးရွာများမှ ဒေသခံများပါစစ်ဘေးရှောင်နေရပြီဖြစ်ကြောင်း သိရသည်။

ပုံစာ- ငါးသိုင်းချောင်း မြို့နယ်အတွင်းသို့ စစ်ဘေးရှောင်လာသည့် ရခိုင်စစ်ဘေးရှောင်များ

#ဧရာဝတီ #စစ်ကောင်စီ #ကြည်း၊ရေ၊လေ #တိုက်ခိုက် #ဒေသခံ၅၀၀၀ကျော် #စစ်ဘေးရှောင် #Ayeyarwaddy_Times