ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

အာဏာသိမ်းစစ်ကောင်စီကလုံလောက်စွာလျှပ်စစ်မီးမပေးနိုင်သဖြင့် မြို့ပြလူထုသည် အစားထိုးသုံးစွဲနိုင်မည့် စားပွဲတင် Portable Power station နှင့် solar အကြောင်းကို စိတ်ဝင်စားမှုများပြားနေ ကြောင်းသိရသည်။

ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်း ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်နေ့အတွင်းကျင်းပသော Myanmar Power နှင့် Solar Energy ကုန်စည်ပြပွဲ ၂၀၂၅ တွင် တရုတ်နှင့် အိန္ဒိယကုမ္ပဏီထုတ်ကုန်ပစ္စည်းများ​ကို လေ့လာသူနှင့် ဝယ်ယူသူများပြားကြောင်း သိရသည်။

အဆိုပါပြပွဲတွင် power station၊ Solar အချပ် Watt မျိူးစုံ၊ AC/DC အားသွင်းနိုင်သောဆိုလာပန်ကာ၊ ဆိုလာမီးလုံး၊ ဆိုလာစနစ်သုံးမီးချောင်း၊ TV နှင့် အိမ်သုံးမီးအတွက်အသေးစားဆိုလာစနစ်၊ တစ်ကိုယ်ရည်အသုံးပြုနိုင်သော ( laptop အားသွင်း၊ မီးလုံးဖွင့်) အတွက် ဆိုလာနှင့် ဘတ္တရီပစ္စည်းများအပါအဝင် ဆိုလာစနစ်ဖြင့်အလင်းရောင်ရရှိရေးအသုံးနိုင်သည့် ပစ္စည်းများရောင်းချခဲ့ကြောင်းသိရသည်။

“ကိုယ်သုံးချင်တဲ့ အိမ်သုံးပစ္စည်းတွေရဲ့ watt ကိုတွက်ပြီးတော့ ဆိုလာပြား၊ inveter၊ power station တွေအသုံးပြုလို့ရပါတယ်။ တစ်အိမ်လုံးအတွက်ဆိုရင် ဆိုလာပြားနဲ့ ဘတ္တရီနဲ့ဆို ကျပ်သိန်းတစ်ရာကျော်ဝန်းကျင်ရှိပါတယ်။

ကိုယ်သုံးချင်တဲ့ပစ္စည်းရဲ့ watt ကိုတွတ်ပြီးတော့ ဆိုပြားနဲ့တွဲသုံးလို့ရတာတွေလည်းရှိတယ်။ လုပ်ငန်းသုံးနဲ့အိမ်သုံးတွက်ပြီးဝယ်လို့ရပါတယ်” ဟု ဆိုလာပစ္စည်းအရောင်းဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင်နည်းပညာမြင့်မားလာသည့်အတွက်ကြောင့် portable power station မော်ဒယ်အမျိုးအစားအစုံရှိပြီး အချို့ power station များသည် solar ပြားနှင့်တွဲကာအားသွင်းနိုင်ခြင်းနှင့် လျှပ်စစ်မီးမှအားသွင်းနိုင်သည့်စနစ်ဖြင့် စနစ်နှစ်မျိုးပါရှိကြောင်းသိရသည်။

အိမ်တွင်း မီးလင်းရေးအတွက်ဆိုပါက မီးလုံး (10 W) စားပွဲတင်ပန်ကာ ( 25 W)၊ ဖုန်းအားသွင်းခြင်း ( 10 WH) နှင့် အခြားလျှပ်စစ်ပစ္စည်းနှစ်မျိုးခန့်သုံးစွဲရန်အတွက် capacity 39000 mAH/145 WH၊ 150 W ရှိသည့် power station နှင့် အားပြန်သွင်းနိုင်သောဆိုလာပြားတစ်ချပ် အနည်းဆုံးလိုအပ်ကြောင်းသိရသည်။

ထို့ပြင် Power station အမျိုးအစားပေါ်မူတည်ပြီး laptop ( 55W) သုံးနာရီမှ ၅ နာရီခန့်အသုံးပြုနိုင်ရန် ၊ TV ( 55W) ဖွင့်ရန်၊ ပန်ကာသုံးရန် (Ac 55 W) နှင့် LED ( 30W) မီးလုံးအတွက် ၅ နာရီမှ ၆ နာရီအကြားအတွက် 300 W- 16 Ah အသုံးပြုနိုင်ပြီး ကျပ် သိန်း ၃၀ မှ ၄၀ ပတ်ဝန်းကျင်ရှိကြောင်း အရောင်းစာရေးတစ်ဦးက ပြောကြားသည်။

ဆိုလာပြားများသည် Watt အမျိုးအစားပေါ်မူတည်ပြီးဈေးကွာခြားမှုရှိသာ်လည်း 610 W ဆိုလာတစ်ချပ်လျှင် ကျပ် ငါးသိန်းကျာ်ရှိပြီး အချို့ဆိုလာပြားများသည် မိုးရာသီတွင်လျှပ်စစ်မထုတ်လုပ်နိုင်ကြောင်း ဆိုလာရောင်းချသူများထံက သိရသည်။

လက်ရှိတွင် စစ်ကောင်စီကပေးသည့် လျှပ်စစ်မီးမလိုအပ်ဘဲ အိမ်တစ်လုံးစာလုံး အသုံးနိုင်ကာ ရာသီဥတုသုံးမျိုးအသုံးပြုနိုင်သည့်ဆိုလာစနစ်တပ်ဆင်မှုများပြားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဆိုလာစနစ်ကို ကျေးလက်မီးလင်းရေးစနစ်အဖြစ် ပြီးခဲ့သည့် ၁၀ နှစ်အတွင်းက စတင်ခဲ့ပြီး ယခုအခါတွင် လျှပ်စစ်မီးမလုံလောက်မှုကြောင့် မြို့ပြလူနေမှုစနစ်တွင် ဆိုလာသုံးစွဲသူများပြားလာကြောင်းသိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#solar #powerstation #ပြပွဲ #စိတ်ဝင်စားသူများပြား #Ayeyarwaddy_Times