
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက တတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့ မှာ သူ့ကို ဖမ်းဆီးနိုင်ရေး သတင်းပေးသူကို ဒေါ်လာ (၂၅) သန်း ဆုကြေး ချီးမြှင့်မယ်လို့ အမေရိကန်နိုင်ငံ က ကြေညာလိုက်ပါတယ်။
ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ဒိုင်အိုဒါဒိုကာဘယ်လိုအား ဖမ်းဆီးနိုင်ရေး သတင်းပေးနိုင်သူကို လည်း ဆုကြေးချီးမြှင့်မယ်လို့ အမေရိကန်နိုင်ငံက ကြေညာခဲ့ပါတယ်။ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပက်ဒရီနိုအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ (၁၅) သန်း ဆုကြေးထုတ်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံကလည်း တရားသူကြီးတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တွေ အပါအဝင် ထိပ်တန်း ဗင်နီဇွဲလား တာဝန်ရှိသူ (၁၅) ဉီးကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ဗင်နီဇွဲလားအစိုးရ ဟာ အတုအယောင်အစိုးရလို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ်လမ်မီက ပြောပါတယ်။
ဉရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံကလည်း သောကြာနေ့က ဗင်နီဇွဲလား တာဝန်ရှိသူ (၁၅) ဉီးကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပီး ရပိုင်ခွင့်တောင်းဆိုတဲ့ ပြည်သူတွေကို နှိပ်ကွက်မှုကို သည်းညည်းခံမှာ မဟုတ်ဖူးလို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မဲလာနီဂျိုလီက ပြောပါတယ်။
အနောက်နိုင်ငံတွေ၊ အတိုက်အခံတွေရဲ့ စွပ်စွဲချက်တွေကို မာဒူရိုက ထပ်တလဲလဲ ရှုတ်ချခဲ့ပြီး တိုင်းပြည်ရဲ့ စီးပွားရေးပြိုလဲမှုဟာ အမေရိကန်ဉီးဆောင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်လို့ အပြစ်ဖို့ခဲ့ ပါတယ်။
နီကိုးလပ်စ်မာဒူရိုဟာ သောကြာနေ့က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး တတိယသက် တမ်း (၆) နှစ်ဟာ ငြိမ်းချမ်းရေး၊ သာယာဝပြောမှု၊ တန်းတူညီမျှမှုနဲ့ ဒီမိုကရေစီကာလဖြစ်မယ်လို့ ဆိုပါ တယ်။
ဇူလိုင်လ (၂၈) ရက် ရွေးကောက်ပွဲရလဒ်ကို ဘရာဇီး၊ ကိုလံဘီယာနဲ့ လက်ဝဲယိမ်းအိမ်နီးချင်းတွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပယ်ချခဲ့ပါတယ်။ နီကိုးလပ်စ်မာဒူရိုဟာ အီရန်၊ တရုတ်နဲ့ ရုရှား အပါအဝင် မဟာမိတ်အနည်းငယ်သာရှိပြီး ကမ္ဘာ့စင်မြင့်မှာ ပိုပြီး အထီးကျန်ဆန်လာပါတယ်။
နီကိုးလပ်စ်မာဒူရိုဟာ ရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း ကြေညာခဲ့ပေမယ့် အမေရိကန်အပါအ ဝင် အနောက်နိုင်ငံတွေက ရွေးကောက်ပွဲရလဒ်ကို ပယ်ချကာ အတိုက်အခံခေါင်းဆောင် အက်မွန်ဒိုဂွန် ဇာလက်ကို တရားဝင် ရွေးကောက်ခံသမ္မတအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။
အက်မွန်ဒိုဂွန်ဇာလက်ဟာ စက်တင်ဘာလအတွင်း ဗင်နီဇွဲလားနိုင်ငံမှ ထွက်ပြေးခဲ့ပြီး လက်ရှိ စ ပိန်မှာ ခိုလှုံနေကာ သူ့ကို ဖမ်းဆီးနိုင်ရေး သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀၀၀၀၀ ဆုကြေးပေးမယ်လို့ ဗင်နီဇွဲလားအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
ရွေးကောက်ပွဲနောက်ပိုင်း မတရား ထိန်းသိမ်းခံထားရသူတွေအားလုံး လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သောကြာနေ့မှာ တောင်းဆိုခဲ့ပါတယ်။
ကိုးကား – BBC
Ref; US announces $25m reward for arrest of Venezuela’s Maduro
#Ayeyarwaddy_Times