နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် မြစ်ဝကျွန်းပေါ်ဒေသဟုခေါ်သည့် မြန်မာနိုင်ငံအောက်ပိုင်းရှိ ဧရာဝတီတိုင်းကို အသုံးချရန် အဓိကပစ်မှတ်ထား စာရင်းများထဲ ထည့်သွင်းခဲ့ပြီး စစ်ရှုံးလာသည့်အခါ ၎င်းတို့တပ်အင်အား လိုအပ်ချက်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် ခြေလှမ်းစတင်လာခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်မှုထမ်းဥပဒေကို ယမန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် အသက်သွင်း ထုတ်ပြန်လိုက်ပြီးနောက် ခရိုင် ရှစ်ခုရှိပြီး ကျေးလက်လူဦးရေ အများဆုံးဖြစ်သည့် ဧရာဝတီတိုင်းကို စစ်မှုထမ်း စာရင်းစတင် ကောက်ယူ၍ အမှတ်စဉ် (၁)အတွက် လူသစ်စုဆောင်းမှုများ လုပ်ဆောင်ခဲ့သည်။

လက်ရှိ စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေ စာရင်းအရ ဧရိယာစတုရန်းမိုင် သောင်းသုံးထောင်ကျော် (၁၃,၅၆၆)ကျယ်ဝန်းသည့် ဧရာဝတီတိုင်းတွင် လူဦးရေ ငါးသန်းငါးသိန်း ကျော် (၅,၅၄၆,၂၈၁)ရှိပြီး လူသစ်စုဆောင်းစဉ်က ရှေ့တန်းမပို့ဟု လိမ်ညာစည်းရုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“စတင်စုဆောင်းစဉ်က ဘယ်လိုပြောသလဲဆိုတော့ စစ်သင်တန်း ဆင်းပြီးတာနဲ့ ကိုယ့်မြို့ကိုယ့်ရွာမှာ တာဝန်ပြန်ကျမယ်ပေါ့။ မြို့ကို စောင့်ရှောက်မယ်၊ လုံခြုံရေးတာဝန်ယူ ကင်းလှည့်မယ် ဒီလောက်ပဲ လုပ် ရမယ်ပြောပြီး လိမ်ညာစည်းရုံးတယ်” ဟု အသက်၄၀နှစ်ကျော် ပုသိမ်မြို့ခံ အမျိုးသားက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

♦️ ပိုမိုပြင်းထန်လာသည့် လူသစ်စုဆောင်းမှု

စစ်ကောင်စီသည် လူသစ်စုဆောင်းရာတွင် စစ်မှုထမ်းအမှတ်စဉ် (၁)တွင် မဲနှိုက်ခြင်း၊ ငွေကြေးဖြင့် ဌားရမ်းကာ လူစားထိုးခြင်း၊ မဝင်မနေရ ဖိအားပေး၍ စုဆောင်းခြင်းများလုပ်ဆောင်သည့်အပြင် ကိုယ်တိုင်ဆန္ဒပြု ဝင်ရောက်သူအချို့ ရှိခဲ့သော်လည်း အရေအတွက် နည်းပါးကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS)ထံက သိရသည်။

ထို့နောက် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရန် အမှတ်စဉ် (၂)၊ (၃)မှစတင်၍ လူသစ်စုဆောင်းမှု အခြေအနေပိုဆိုးလာပြီး ယခင်ကကြိုတင် အကြောင်းကြားမှုများရှိရာမှ စာရင်းပါသည်ဟုဆိုကာ အိမ်ကိုလာခေါ်သော ပုံစံမျိုးဖြစ်လာသလို အမှတ်စဉ် (၄)၊ (၅)၊ (၆)၊ (၇) တို့တွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းများလုပ်ဆောင်၍ ပိုမိုဆိုးရွားလာကြောင်း သိရသည်။

“အခုအမှတ်စဉ်(၈)အခြေအနေကတော့ အဆိုးဆုံးအခြေအနေပေါ့။ နေ့ခင်းဘက်တွေမှာတောင် အတင်း အိမ်ထဲဝင်ဆွဲတဲ့အထိတွေ ဖြစ်လာတာတွေ့ရပါတယ်” ဟု BACS ပြောရေးဆိုခွင့်ရှိသူ ကိုမင်းထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာ၀တီတိုင်းတွင် ပထမဆုံးဖွင့်လှစ်သည့် စစ်မှုထမ်း အမှတ်စဉ် (၁)တွင် စစ်တပ်ထောက်ခံသူများနှင့် ကိုယ်တိုင်ဆန္ဒပြုသူအများစုဖြင့် စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်တွင် အင်အား ၄၀၀ ခန့်ကို ဒေသတွင်းရှိ စစ်သင်တန်းကျောင်း၌ နေရာခွဲ၍ သင်တန်းပေးခဲ့ကြောင်း တပ်တွင်းအသိုင်းအဝိုင်းထံက သိရသည်။

♦️ ဒေသတွင်း စစ်သင်တန်းကျောင်းများဖွင့်လှစ်

ဧရာဝတီတိုင်းတွင် မြို့နယ် ၂၆ မြို့နယ်၊ မြို့ပေါင်း ၄၅ မြို့ရှိပြီး စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်း ကျောင်းများကို ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၌ ရွှေမြင်တင်(ပုသိမ်) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၆)နှင့် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ နယ်၌ ကွင်းကောက်(အင်္ဂပူ) တပ်မတော်တန်းမြင့် သင်တန်းကျောင်း (တတက-၅)တို့ ဖွင့်လှစ်ထားကြောင်း သိရသည်။

“ဧရာဝတီတိုင်းအတွင်း စုဆောင်းခံရတဲ့ အရေအတွက်ကို အတိအကျတော့ ကောက်ယူနိုင်ခြင်း မရှိပေမယ့် ခန့်မှန်းခြေအရ အပတ်စဉ် တစ်ခုကို ၇၀၀ ကနေ ၁၀၀၀ ဝန်းကျင်ကြားရှိမယ်လို့ ခန့်မှန်းရတယ်” ဟု BACS ပြောရေးဆိုခွင့်ရှိသူ ကိုမင်းထက်အောင်က ဆိုသည်။

ထို့ကြောင့် လက်ရှိ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၈)အထိ ပျမ်းမျှတွက်ကြည့်မည်ဆိုပါက ဧရာဝတီတိုင်းတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရန်အတွက် အဓမ္မ စုဆောင်းခံရသူ လူငယ်အရေအတွက်မှာ ၆၀၀၀ နှင့် ၇၀၀၀ ကြားရှိနိုင်မည်ဖြစ်သည်။

စစ်ကောင်စီသည် စစ်မှုထမ်း သင်တန်းတစ်ခုလျှင် သုံးလသာ သင်တန်းပေးခဲ့ပြီး သင်တန်း တက်စဉ်ကတည်းက မိသားစုဝင်များနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့ကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်းစုဆောင်ခြင်းခံရသူ မိသားစုဝင်များထံက သိရသည်။

♦️ မရှုမလှ စစ်ရှုံးနေသဖြင့် စတေးခံခိုင်းခြင်း

စစ်ကောင်စီသည် ဧရာ၀တီတိုင်းအတွင်း လူငယ်များကို ထိုဒေသတွင်းရှိ သင်တန်းကျောင်းနှစ် ကျောင်းအပြင် ရှမ်းပြည်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (တကန-ဟိုပုံး)၊ ဗထူးတပ်မြို့ အမှတ် (၁)အရာခံအကြပ်ကြီး သင်တန်းကျောင်း (ရကသ-၁)၊ တန့်ယန်း တတက(၈)၊ ကျိုင်းတုံ တတက(၁၁)နှင့် တတက(၃)တို့လည်း ခွဲ၍ပို့ဆောင်ကြောင်း သိရသည်။

“သင်တန်းတက်ရတော့မယ်ဆိုပြီး ထွက်သွားတဲ့ တစ်ပတ်လောက်ပဲ အဆက်သွယ်ရတယ်။ အဲ့နောက်ပိုင်း သေလား၊ရှင်လား မသိရတော့ဘူး။ နောက်ဆုံး သေရင်တောင် သတင်းလာပြော ပေးတာမျိုး မရှိဘူး”ဟု ကန်ကြီးထောင့်မြို့ခံ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက စစ်သင်တန်းဆင်းပြီးနောက် တပ်သားသစ်များကို ရှေတန်းစစ်မြေပြင်သို့ အတင်းအကျပ် ပို့ဆောင်နေသဖြင့် တိုက်ပွဲအတွင်း ထိခိုက်သေဆုံး၊ ပျောက်ဆုံးမှုများ တစ်နေ့တခြား များပြားနေသည် ကို သတင်းများအရ ကြားသိရသည့်အတွက် မိသားစုဝင်များ စိုးရိမ်စိတ်ပူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအတွင်း ပြင်းထန်ခဲ့သည့် ရခိုင်တိုက်ပွဲဆီသို့ ပုသိမ်မြို့ရှိ ရွှေမြင်တင်(ပုသိမ်) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၆)တွင် စစ်မှုထမ်း အမှတ်စဉ် (၁) တက်ရောက်သင် တန်းဆင်းခဲ့သော အင်အား ၁၀၀ ကျော်ကို စစ်ကူစေလွှတ်ခဲ့ရာ တပ်သားသစ် ၈၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

အထူးသဖြင့် ရာဝတီတိုင်းက လူငယ်များကို မြို့တော်ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ ခလရ (၃၆) တပ်ရင်း၊ ခလရ (၃၈)တပ်ရင်း၊ ခလရ (၉၃)တပ်ရင်း၊ ခလရ (၂၇၁)တပ်ရင်း၊ ခမရ (၃၀၈)တပ်ရင်းတို့မှတဆင့် ရှမ်းမြောက်နှင့် ရခိုင်သို့ ရှေ့ တန်းပို့ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ထိုသို့ ရှေ့တန်းပို့ဆောင် စစ်ကူစေလွှတ်ရာတွင် သေဆုံး၊ ဒဏ်ရာရသူ များပြားလာသည့်အတွက် တပ်မိသားစုများအတွင်း စစ်ကောင်စီအပေါ် ဝေဖန်မှုများ မြင့်တက်နေသလို အလံဖြူတောင် လက်နက်ချအညံ့ခံ၊ အလင်းဝင်မှုများ ယခင်ကထက် တိတိသာသာ လုပ်ဆောင် လာကြောင်း သိရသည်။

ထိုအတွက် ဒုစစ်ခေါင်းဆောင်စိုးဝင်းက အားပေးစကားပြော စည်းရုံးရေး ဆင်းသည့်အနေဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်တွင် နတခသို့ လာရောက်သော်လည်း ကြိုတင်စီစဥ်ထားသူတချို့နှင့်သာ တွေ့ဆုံခဲ့ကာ ကျန်ရှိသူများ ၏ တင်ပြမှုကို လက်မခံဘဲ ပြန်ပြေးသွားကြောင်း တပ်တွင်းအသိုင်း အဝိုင်းထံက သိရသည်။

“ကြားတာတော့ ရန်သူတိုက်ခိုက်လာရင် အလံဖြူမပြဖို့၊ ပြတဲ့သူတွေကို မိသားစုလိုက် တပ်တွင်းမှာ အရေးယူဖို့၊ တင်းတင်းကြပ်ကြပ်ထားဖို့ ညွန်ကြားထားတာရှိတယ်။ တပ်တွင်းအင်အား အခြေအနေကို ဒု ချုပ်လာပြီး စစ်ဆေးတုန်းက မှာခဲ့တာပေါ့” ဟု တပ်မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ ဂွမြို့ကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်လိုက်သည့်အတွက် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသော ဧရာဝတီတိုင်းအတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များ ရောက်ရှိ လာမည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး မြို့နယ်အချို့တွင် ၁၄၄ ထုတ်ပြန်ကာ ခံစစ်ပြင်ထားကြောင်း သိရသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီက ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် နေ့လည်နေ့ခင်းပါမကျန် လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီခေါ်ဆောင်၊ ပေါ်တာဆွဲနေသည့်အတွက် ညပိုင်းအပြင်ထွက်သူ မရှိ သလောက်နည်းသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံများအနေဖြင့် ဘေးအန္တရာယ် များနှင့် စီးပွားရေးပြိုပျက်မှုများကိုကြုံတွေ့လာရသည့်အပြင် လူငယ်များသည်လည်း စစ်ကောင်စီ၏ စတေးခံဖြစ်နေသော ဘဝများ ဖြစ်လာရပြီဖြစ်သည်။

#စစ်ကောင်စီ #စတေးခံ #ဧရာဝတီတိုင်းမှဘဝများ #သတင်းဆောင်းပါး #Ayeyarwaddy_Times