ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၁ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေရှိ ဟိုတယ်များနှင့် စျေးများမပိတ်ဖို့အတွက် စစ်ကောင်စီက ဖိအားပေးညွှန်ကြားထားကြောင်း ဟိုတယ်ဝန်ထမ်းများထံမှ သိရသည်။
ချောင်းသာကမ်းခြေနှင့် ၁၀ မိုင်ဝန်းကျင်သာ ဝေးသည့် ရွှေသောင်ယံမြို့အနီး တိုက်ပွဲများနီးကပ်လားချိန်တွင် စစ်ကောင်စီတပ်က ဟိုတယ်နှင့် စျေးများမပိတ်ဖို့အတွက် ဖိအားပေးညွှန်ကြားလာခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်ဝန်ထမ်းများမှ ပြောသည်။
“ ခုက ဟိုတယ်တွေရော စျေးတွေရောပိတ်ဖို့လုပ်နေတာ အဲ့တာကို မပိတ်ရဘူးဆိုပြီး ဖိအားပေးလာတာ၊ စျေးဆိုင်ခန်းတွေဆိုလည်း ပိိတ်ထားရင် ချိပ်ပိတ်အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်” ဟု ချောင်းသာမြို့ခံ ဟိုတယ်ဝန်ထမ်း အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ချောင်းသာကမ်းခြေရှိ ဟိုတယ်အများစုသည် ဇန်နဝါရီလ ၁၃ ရက်နေ့အထိသာ ဧည့်သည်လက်ခံထားပြီး နောက်ပိုင်းတွင် ဟိုတယ်အဖွင့်ပြပြီး ဧည့်သည်လက်မခံဖို့စီစဉ်ထားကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ရွှေသောင်ယံအနီးတိုက်ပွဲများကြောင့် လက်နက်ကြီးပစ်ခတ်သံများအား ချောင်းသာမြို့ရှိ စကားဝါတောင်နှင့် ဒေါနတောင်များပေါ်မှ ကြားနေရသည့်အတွက် ဒေသခံများလည်း ထိတ်လန့်နေပြီး သက်ကြီးရွယ်အိုများအား ကြိုတင်ရွှေ့ပြောင်းမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်က AA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ ရွှေသောင်ယံမြို့နယ်သို့ ဝင်မလာနိုင်စေဖို့အတွက် စစ်အင်အားများ ဖြည့်တင်ထားပြီး သံချပ်ကာယာဉ်များနှင့် ရေတပ်သင်္ဘောများပါ အသင့်လုပ်ထားကြောင့် ဒေသခံများထံမှ သိရသည်။
#ချောင်းသာကမ်းခြေ #ဟိုတယ် #ရွှေသောင်ယံ #စစ်ကောင်စီတပ် #အေအေ #Ayeyarwaddy_Times