ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

အာဏာသိမ်းစစ်ကောင်စီက LGBTQ အကြောင်း ရေးသားထားသည့် စာအုပ် ခုနစ် အုပ်နှင့် ထုတ်ဝေသူများကို ညစ်ညမ်းစာပေများ ထုတ်ဝေသူသည်ဟု ဆိုကာ လုပ်ငန်းပိတ်သိမ်းကာ တရားစွဲဆိုမှုများပြုလုပ် နေကြောင်း ဇန်နဝါရီ ၈ ရက်နေ့က ၎င်းတို့လက်ဝေခံ မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

စစ်ကောင်စီက ညစ်ညမ်းစာပေဟု စွပ်စွဲပြောဆိုခဲ့သည့် စာအုပ်များမှာ LGBTQ နှင့် ပတ်သတ်ကာ ရေးသားထုတ်ဝေထားသည့် ဝတ္ထုများသာဖြစ်သော်လည်း စစ်ကောင်စီကမူ ဟိရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ အတွေးအခေါ်လွဲစေသော စာများ ဟုဆိုကာ LGBTQ လွတ်လပ်ခွင့် အပေါ် ဖိနှိပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပုံနှိပ်ထုတ်ဝေသူများမှာ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ) ပါအချက်အလက်များကို ဖောက်ဖျက်သည်ဟုဆိုကာ စစ်ကောင်စီက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရုတ်သိမ်းခြင်း၊ စာအုပ်များကို တရားမဝင်စာအုပ်ဟု ထုတ်ပြန်ခြင်း၊ တရားစွဲဆိုမှုများပြုလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အဓိကကတော့ ညစ်ညမ်းစာပေဆိုပြီး ရိုးရှင်းတဲ့မေတ္တာဘွဲ့ LGBTQ ဝတ္ထုတွေကို ခေါင်းစဉ်တပ်လိုက်တာက စာပေလောကအတွက်ရော LGBTQ အသိုင်းအဝန်းအတွက်ပါ ရိုက်ခတ်မှုရှိပါတယ်။ စာရေးဆရာတွေရဲ့ စာရေးသားမှုပုံစံကြောင့်မဟုတ်ဘဲ ညစ်ညမ်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖြစ်နေတော့ ဒါက သက်သက်ကို LGBTQ နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို ချိုးနှိမ်တာလို့ မြင်ပါတယ်” ဟု LGBTQ အသိုင်းအဝိုင်းနှင့် နီးစပ်သူ မစ်ကီ က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက LGBTQ အကြောင်း ရေးသားထားသည့် ဝတ္ထုစာအုပ် ခုနစ်အုပ် နှင့် ပုံနှိပ်ထုတ်ဝေသူများကို ညစ်ညမ်းစာများဖော်ပြခြင်း၊ ထုတ်ဝေစာ ပေးပို့ရန်ပျက်ကွက်ခြင်း၊ ပုံနှိပ်လုပ်ငန်း အသိမှတ်ပြုလက်မှတ် မရှိခြင်း စသည့် စွဲချက်များဖြင့် အရေးယူမှုများ ပြုလုပ် နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ လက်ထက်မှ စတင်ကာ LGBTQ နှင့် ပါတ်သတ်သည့် စာရေးသားခြင်းများ၊ ရုပ်ရှင်ရိုက်ကူးခြင်းများ ပိုမိုပွင့်လင်းလာပြီး လူငယ်အများစုမှာလည်း အဆိုပါဖြစ်ရပ်များမှ တဆင့် LGBTQ အသိုင်းအဝိုင်းအပေါ် နားလည်လက်ခံမှုများ ပိုမိုမြင့်မားလာကြခြင်းဖြစ်သည်။

“ဝတ္ထုတွေကနေတဆင့် နောက်ပိုင်း ဂီတနဲ့ ရုပ်ရှင်တွေအထိ ပါ ရိုက်ခတ်မှုရှိလာနိုင်ပါတယ်။ သေချာတာကတော့ မြန်မာ့စာပေလောက၊ အနုပညာလောကကို နှစ် ၂၀ လောက် နောက်ပြန်ဆုတ်သွားစေတဲ့ လုပ်ရပ်ပါပဲ” ဟု မစ်ကီက ဆက်လက် ပြောပြသည်။

စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက လည်း LGBTQ အကြောင်း ရေးသားထားသည့် စာအုပ် နှစ်အုပ် ကို ထုတ်ဝေခဲ့သည့် စာအုပ်တိုက် နှင့် ထုတ်ဝေသူများကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရုတ်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
#စစ်ကောင်စီ #ပြန်ကြားရေးဌာန #ညစ်ညမ်းစာပေ #စွပ်စွဲပြောဆို #ထုတ်ဝေထွင့်ပိတ်သိမ်း #Ayeyarwaddy_Times