ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာနှင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နယ်စပ်ရှိ ကုလားချောင်း၊ ဂျိုင်လယ်ကျေးရွာများတွင် ခံစစ်ပြင်ထားသည့် စစ်ကောင်စီတပ်များမှာဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းက မကျီးဇင်ရွာအတွင်းထိ တပ်ပြန်ဆုတ်လာကြောင်း ​သိရသည်။

” ကုလားချောင်း၊ ဂျိုင်လယ်ဘက်က တပ်တွေ ရွာထဲအထိ တပ်ဆုတ်လာကြတယ်။ AA က ခုချိန်အထိ ဘယ်နားရှိမှန်းတောင် သိရသေးတာမဟုတ်ဘူး။ ဂွမသိမ်းခင်ကတည်းက တပ်စွဲထားတာနဲ့ ခုပြန်ဆုတ်လာတာနဲ့ဆိုတော့ စစ်တပ်တင်မနည်းများနေပြီ”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဂွမြို့ကို AA က စတင်တိုက်ခိုက်နေချိန်ကတည်းက မကျီးဇင်ကျေးရွာရှိ ဂွချောင်းတံတားထိပ်နှင့် ကျေးရွာအတွင်း စစ်ကောင်စီတပ်များမှာ ယနေ့အချိန်အထိ တပ်စွဲထားကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ကုလားချောင်း၊ ဂျိူင်လည် ကျေးရွာတို့အပြင် မကျီးဇင်၊ ဘောမိ စသည့် ကျေးရွာတို့မှ ​ဒေသခံများသည်လည်း ပုသိမ်မြို့နှင့် သာပေါင်းမြို့များသို့ ရှောင်တိမ်းနေကြရကြောင်း သိရသည်။

“ကုလာချောင်းနဲ့ ဂျိုင်လယ်က ရွာသားတွေတော့ ဒီရက်ပိုင်းပဲ ပြေးကြတယ်။ မပြေးပဲကျန်နေသူတွေလည်း ပြေးဖို့ပြင်ထားကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရွှေသောင်ယံမြို့ရှိ အမြောက်တပ်တွင်လည်း ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)မှ စစ်ကား လေးစီးဖြင့် တပ်အင်အားဖြည့်တင်းကာ ခံစစ်ပြင်ဆင်မှုများပြုလုပ်နေကြောင်း ဒေသခံများထံ သိရသည်။

“ကမ်းခြေအတိုင်းလာရင် မကျီးဇင်က လှေနဲ့ကူးတာနဲ့ သဘော့ကန်၊ အဲ့ကဆက်လာရင် ရွှေသောင်ယံအရင်ရောက်မှာ။ ပြီးမှ ချောင်းသာဆိုတော့ ခံစစ်ကြိုပြင်နေတာပဲဖြစ်မယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဇန်နဝါရီလ ၂ ရက်နေ့ကလည်း မကျီးဇင်၊ ဘောမိ စသည့်ကျေးရွာများတွင် ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်အချင်းချင်းမှားယွင်းပစ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အာရက္ခတပ်တော် AA က ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားဖြစ်ပွားမည်ကို စိုးရိမ်နေသည့် ဝန်ကြီးချုပ်နှင့် တိုင်းစစ်ကောင်စီအနေဖြင့် မော်တင်စွန်းဘုရား၌ ယတြာချေခြင်း၊ Non-CDM ဝန်ထမ်းများကို အပတ်စဥ် ပရိတ်ရွတ်ခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မကျီးဇင် #ဂျိုင်လည် #ကုလားချောင်း #ခံစစ်ပြင် #စစ်ကောင်စီတပ် #တပ်ဆုတ် #Ayeyarwaddy_Times