
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူ ၃ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာခဲ့ရလို့ စစ်ရှောင်အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁ ဒသမ ၅ သန်း တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းဟာ ဆိုးရွားလာနိုင်တယ်လို့ သတိ ပေးလိုက်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခဟာ နယ်စပ်ဒေသတွေမှ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ခဲ့ရာ စစ်ရှောင်ဉီးရေ စံချိန် တင်လာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အေဂျင်စီ UNOCHA က ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောပါတယ်။
ဒီဇင်ဘာလ ၆ ရက်အထိ မြန်မာ့လူဉီးရေ ၅၇ သန်းရဲ့ ၆ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ပြည်သူ ၃ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာခဲ့ရပြီး စစ်ရှောင်တွေရဲ့ သုံးပုံတစ်ပုံဟာ ကလေးငယ်တွေဖြစ်တယ်လို့ UNOCHA က ဆိုပါတယ်။
၂၀၂၄ ခုနှစ်အကုန်ရက်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်းတိုက်ခိုက်မှုတွေ၊ လက်နက် ကြီးပစ်ခတ်မှုတွေ၊ စီးနင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေ တိုးလာခဲ့တယ်လို့ UNOCHA က ဆက်ပြောပါတယ်။
ပဋိပက္ခ၊ သဘာဝဘေး၊ ကပ်ရောဂါ၊ စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် ယခုနှစ်မှာ လူသားချင်းစာနာမှု အကျပ်အတည်း မကြုံစဖူး ဆိုးရွားလာမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြ ပါတယ်။
“ဒီအခြေအနေအတိုင်းသာ ဆက်ဖြစ်နေရင် မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အခြေအနေဟာ ဆိုးရွားလာပြီး သန်းနဲ့ချီတဲ့ပြည်သူတွေ အရေးပေါ် အကူအညီ လိုအပ်နေမှာဖြစ်ပါတယ်” လို့ UNOCHA က သတိပေးပါတယ်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်သူ ၁၉ ဒသမ ၉ သန်း သို့မဟုတ် လူဉီးရေရဲ့ သုံးပုံတစ်ပုံ ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၅ ဒသမ ၅ သန်းအတွက် ရန်ပုံငွေ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံရရှိဖို့ UNOCHA က အကူအညီတောင်းခံခဲ့ပေမယ့် ရန်ပုံငွေမရရှိခဲ့ပါဘူး။
ကိုးကား – The Defense Post
Ref; More Than 3.5 Million Displaced by Armed Conflict in Myanmar: UN
#Ayeyarwaddy_Times