
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ဗန်းမော်မြို့နှင့် မံစီမြို့တို့ရှိ စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်နေရာ ဗန်းမော်မြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။
KIA သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့က ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲထားရာ ဗန်းမော်ပြည်သူ့ဆေးရုံဝင်းကို ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီသည် ဗန်းမော်ဆေးရုံဝင်းအတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ဒီနေ့မနက်အထိကို ပြင်းထန်နေတုန်းပဲ။ ဂျက်လေယာဉ်လည်း လာကြဲတယ်။ စဖြစ်ကတည်းက ဗုံးကြဲတာ ဗုံးအလုံးရာချီရှိနေပြီ။ မြို့တွင်းနေရာတော်တော်များများလည်း ပျက်စီးကုန်ပြီ။ KIAက စစ်တပ်ရဲ့ အဓိကနေရာတွေကို ထိန်းချုပ်ထားတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် Robert Church ကျောင်းအတွင်းသို့ Drop ဗုံးများကြဲချခဲ့သည့်အတွက် ကျောင်းဝင်းတစ်ခုလုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
ဗန်းမော် ခလရ ၄၇ ဘက်တွင်လည်း စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ကာကင်းရှေ့ထိတိုက်ခိုက်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားသည့်အတွက် အလောင်းများကို ကောက်ယူ၍ ခလရ ၄၇ အတွင်း ပြန်ဝင်ပြေးသွားရကြောင်း သတင်းရင်းမြစ်ထံက သိရသည်။
KIA သည် ခလရ ၄၇ အတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းဗုံးများသုံး၍ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ဆုတ်ခွာခဲ့ရသည့် တပ်ရင်းတပ်ဖွဲ့များစုပေါင်းပြီး အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၂၁) ထဲတွင် စုပေါင်း ၍ ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
KIA သည် မံစီမြို့နယ်အတွင်းရှိ ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမတ ၃၅၂ တို့ကိုလည်း တပြိုင်နက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
ထို့အပြင် ဝိုင်းမော်မြို့နယ် လုမြန်ကျေးရွာနှင့် နန်ဇော်ယန်ကျေးရွာဘက်တွင်လည်း စစ်ကောင်စီက စစ် ကြောင်းထိုးလာသည့်အတွက် KIA နှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ပုံစာ- တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့
#ကချင် #ဗန်းမော်တိုက်ပွဲ #ပြင်းထန် #ဆေးရုံဝင်း #KIA #သိမ်းပိုက် #Ayeyarwaddy_Times