ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေသည့် တရားသောစစ် အောင်မြင် ရေးအတွက် ပြည်သူတစ်ရပ်လုံးက ယုံကြည်စွာဝန်းရံပေးကြရန် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြည်သူလူထုကို စည်းရုံးပြောဆို တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်၍ အနိုင်ကျင့်ဗိုလ်ကျမှုများသည် လွတ်လပ် ရေးနှင့် အချုပ်အခြာ အာဏာကို ထိပါးစေနိုင်သောကြောင့် တပ်မတော်နှင့် မျိုးချစ် ပြည်သူများက ဦးဆောင်ဆင်နွှဲနေသည့် တရားသောစစ် အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ယုံကြည်စွာ ဝန်းရံပေးကြရန်လိုသည်ဟု စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုူင်က သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
” ‘နွားကွဲလျှင် ကျားဆွဲ’ ဟူသောစကားပုံရှိပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျက် ရှိကြသော မြန်မာနိုင်ငံတွင် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများ၊ ရပ်ရွာပြည်သူလူထုကို အကြောက်တရားကိန်းအောင်းစေရန် အနိုင်ကျင့်ဗိုလ်ကျမှုများ၊ တရားဥပဒေစိုးမိုးမှုနှင့် အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် အဖျက်အမှောင့်လုပ်ငန်း ဆောင်ရွက်မှုများသည် နိုင်ငံတော်ကို အားအင်ချည့်နဲ့စေကာ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးစေနိုင်ပါသည်။ အမိမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့နေစေရေးအတွက် မြန်မာ့ တပ်မတော်နှင့် မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေသည့် တရားသောစစ် အောင်မြင်ရေး အတွက် ပြည်သူတစ်ရပ်လုံးက ယုံကြည်စွာ ဝန်းရံပေးကြရန် လိုအပ်ပါသည်” ဟု စစ်ခေါင်းဆောင်က ဆိုထားသည်။
ထို့အပြင် မြန်မာနိုင်ငံသားအားလုံး မြန်မာစိတ်မွေးပြီး “ငါတို့အားလုံးသည် မြန်မာ” (We are Myanmar) ဟူ သော စိတ်၊ တစ်သွေးတစ်သားတည်း စည်းလုံးညီ ညွတ်သော အမျိုးသားစိတ်ဓာတ်ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲအကောင်အထည်ဖော်ကြရန် သန္နိဋ္ဌာန်ချ ဆောင်ရွက်ကြရပါမည်ဟုလည်း ၎င်း၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်၊ လက်နက်ကိုင်အကြမ်းဖက် တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထား ကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရန်လည်း ဆက်လက်ပြောဆိုထားသည်။
ထို့ပြင်စစ်ခေါင်းဆောင်က “စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေးအတွက် တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်” ဟု ၎င်း၏ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြားထားသည်။
#တပ်မတော် #မျိုးချစ် #တရားသောစစ် #အောင်မြင်ရေး #ပြည်သူ #ပူးပေါင်းရန် #တိုက်တွန်း #စစ်ခေါင်းဆောင် #Ayeyarwaddy_Times