ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်

ဧရာဝတီတိုင်းတွင် တိုက်ပွဲများဖြစ်မလာစေရေးနှင့် ဘေးအန္တရာယ်ကင်းစေဖို့ဆိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများအား ဒီဇင်ဘာလကုန်ပတ်ကစတင်ပြီး ပရိတ်ကြီး ၁၁ သုတ်ရွတ်ဖို့ ညွှန်ကြားထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် နယ်စပ်မြို့ဖြစ်သည့် ဂွမြို့နယ်တွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစတင်ကာ တိုင်းဝန်ကြီးချုပ်က ယတြာချေမှုများလုပ်ဆောင်ခဲ့သလို ဝန်ထမ်းများကိုလည်း ပရိတ်ကြီး ၁၁ သုတ် အပတ်စဉ် ရွတ်ဖို့ ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီတပ် အသိုင်းဝိုင်းမှ သိရသည်။

“ မိုးကြိုးပစ်တာကို ထန်းရွက်နဲ့ ကာလို့ရတယ်ဆိုတာ စကားပုံပဲ ဖြစ်ရင် ဖြစ်မှာပေ့ါ၊ ကတုတ်ကျင်းတူးခိုင်းတာတို့ အကာကွယ်နေရာရှာဖို့ သင်ပေးတာမျိုးဆို လက်ခံလို့ရတယ်။​ ခုက လူကြီးတွေက အကြောက်လွန်နေတာ ယတြာချေလိုက် ပရိတ်ရွက်ခိုင်းလိုက် ကြာရင် မြောက်သစ်ကိုင်းလွတ်သလို ဖြစ်တော့မှာ”ဟု ရဲတပ်ဖွဲ့ဝင်တဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ဂွမြို့နယ်တွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစတင်ကာ ဌာနဆိုင်ရာရုံးများတွင် ကတုတ်ကျင်း တူးခိုင်မှုများလည်းရှိခဲ့ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

တိုင်းဝန်ကြီးချုပ်မှ အပတ်စဉ်် ဌာနဆိုင်ရာဝန်ထမ်းများအား ပရိတ်ရွတ်ခိုင်းသည့်အတွက် အမျိုးသမီးဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ ဇနီးများမှာ အပတ်စဉ် ပရိတ်ရွတ််ဖတ်မှုများ ပြုလုပ်နရကြောင်း သိရသည်။

အရက္ခတပ်တော် (AA)တပ်ဖွဲ့သည် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးချောင်းမြို့နှင့် မိုင် ၃၀ ကျော်သာဝေးသည့် နေရာရှိ ဗေဒါနယ်ခြားစစ်ဆေးရေးဂိတ်အား စတင်တိုက်ခိုက်မှုများပြုလုပ်နေပြီး ဖြစ်ကြောင်း သိရသည်။

#ဧရာဝတီတိုင်း #ဝန်ကြီးချုပ် #ပရိတ်ရွတ် #ဝန်ထမ်း #ဌာနဆိုင်ရာ #Ayeyarwaddy_Times