
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြသည့်အတွက် ဒေသခံ ပြည်သူများသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့မှစ၍ ကြိုတင်ပြီး ပစ္စည်းများကိုပြောင်းရွှေ့နေကြောင်း ဒေသခံများထံက သိရှိရသည်။
တီးတိန်မြို့သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် PDF-Zoland ၏ နယ်မြေဖြစ်သလို ချင်းညီနောင်အဖွဲ့၏ တစ်ခုတည်းသော ထိုးစစ်ဆင်တိုက်ခိုက်ရန် ကျန်ရှိသည့်မြို့ဖြစ်သည့်အတွက် အချိန်မရွေး တိုက်ပွဲများဖြစ်လာနိုင်သောကြောင့် သေခံပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြခြင်းဖြစ်သည်။
“တိုက်ပွဲက ဘယ်နေ့ဖြစ်မလဲဆိုတာ မသိနိုင်ဘူးလေ။ အဲဒါကြောင့် အခုကတည်းက ပစ္စည်းတွေကို ကြိုတင်ပြောင်းရွှေ့ထားလိုက်တဲ့ သဘောပါ။ လူကတော့ ဘယ်အချိန်ဖြစ်ဖြစ် ကိုယ်လွတ်ရုန်း ထွက်ပြေးတိမ်းရှောင်လို့ရတယ်။ အခုလောလောဆယ်တော့ တိမ်းရှောင်နေကြတဲ့သူတွေက သိပ်မရှိသေးပါဘူး” ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေသခံပြည်သူများသည် ပစ္စည်းများကို အသိမိတ်ဆွေများ၊ ဆွေမျိုးများရှိရာ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ တိုက်ပွဲကင်းလွတ်သည့် ကျေးရွာများ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် တမူးမြို့နယ်တို့သို့ ပြောင်းရွှေ့နေကြခြင်း ဖြစ်သည်။
တီးတိန်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသော်လည်း ဒေသခံပြည်သူများက ချင်းညီနောင်အဖွဲ့၏ မြို့သိမ်းတိုက်ပွဲဆင်နွှဲလာမည်ကို စိုးရိမ်နေကြသည်။
“အရင်နှစ် တိုက်ပွဲတုန်းက အရပ်သားတွေ သေကြတယ်။ လူနေအိမ်တွေလည်း အတော်များများ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် တိုက်ပွဲပြန်ဖြစ်မှာကို ဒေသခံတွေက မလိုလားကြတော့ဘူး။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြရတယ်။ အခုအချိန်ထိတော့ တိုက်ပွဲမဖြစ်ရှိသေးဘူး ပုံမှန်ပါပဲ” ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်မြို့ကို ချင်းညီနောင်အဖွဲ့က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့ကပထမအကြိမ် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသော်လည်း မြို့ကိုသိမ်းပိုက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။
အဆိုပါ မြို့သိမ်းတိုက်ပွဲတွင် အရပ်သား ငါးဦးထက်မနည်း သေဆုံးပြီး လူနေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီးခံရကာ ဒေသခံ တစ်သောင်းကျော်သည် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပုံစာ – တီးတိန်မြို့တွင်း တစ်နေရာကို တွေ့ရစဥ်။(ပုံအဟောင်း)
#တီးတိန်မြို့ #တိုက်ပွဲဖြစ်ပွါးမည် #စိုးရိမ်၍ #ပြည်သူများပြောင်းရွှေ့ #Ayeyarwaddy_Times