
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာသည့် တပ်သားများကို ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက်နေ့က ကြိုဆိုပွဲ နှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကထုတ်ပြန်ခဲ့သည်။
ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တစ်လျှောက်ကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လာသည့် အောင်ဇေယျစစ်ကြောင်းမှာ ယခုအခါ ကုန်သွယ်ရေးလမ်းကြောင်းကို မထိန်းချုပ်နိုင်ရုံမျှမက KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်သူများပြားလာပြီး ရိက္ခာပြတ်လပ်မှုများလည်း ကြုံတွေ့နေရကြောင်းသိရသည်။
ထို့ပြင် မြေပြင်တွင်လည်း ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ထားသည့်အတွက် စစ်ကောင်စီက လေကြောင်းမှသာ ရိက္ခာထုတ်များကိုချပေးနိုင်ပြီး ရိက္ခာခြောက်အများစုမှာလည်း အရာရှိများသာစားသောက်နေပြီး အောက်ခြေတပ်သားများမှာ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် သုံးဦးဝေမျှစားသောက်နေရကြောင်းလည်း သိရသည်။
အဆိုပါ အခြေအနေများကြောင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များမှာ နေ့စဥ်နှင့်အမျှ လက်နက်ခဲယမ်းများ နှင့်အတူ အလံဖြူထောင်သူများ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ ထွက်ပြေးခိုလှုံလာသူများ အများအပြား ရှိလာခဲ့ကြောင်း KNU ထံက သိရသည်။
KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှာ ထိုသို့ အခြေအနေများကို နားလည်စာနာမှုပေးနိုင်သည့်အတွက် လူသားခြင်းစာနာထောက်ထားသည့်အနေဖြင့် KNU ထိန်းချုပ်နယ်မြေရှိ မည်သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်မဆို လာရောက်ပူးပေါင်းနိုင်ပြီး ပြည်သူ့ရင်ခွင့်သို့ ခိုလှုံရန်လည်း ဖိတ်ခေါ်ကြောင်း KNU ကပြောဆိုထားသည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး
#KNU #အောင်ဇေယျစစ်ကြောင်း #စစ်ကောင်စီ #အလင်းဝင် #ဆုချီးမြှင့် #Ayeyarwaddy_Times