ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဒီဇင်ဘာ ၃၁ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီက လာမည့် ၂၀၂၅ ခုနှစ်အတွင်း စစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းရာတွင် ငွေကြေးလက်ခံတော့မည်မဟုတ်ဘဲ လူကိုသာဦးတည် စုဆောင်းတော့မည်ဖြစ်ကြောင်း သိရသည်။

မင်းလှမြို့ပေါ်ရှိ ထွေအုပ်ရုံးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ နောက်ဆုံးပတ်က ပြုလုပ်သည့် မင်းလှမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အစည်းအဝေးပွဲတွင် ယခုကဲ့သို့ ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက တပ်သားသစ်လာ‌ရောက် စုဆောင်းခြင်းမပြုရန် အချို့ ကျေးရွာများတွင် လစဉ်တစ်အိမ်လျှင် နှစ်သောင်းကျပ်မှ တစ်သိန်းကျပ်အထိ စုပေါင်းကာ ငွေကြေး ပေးခြင်း၊ စစ်မှုထမ်းရန် လက်ခံသည့်သူများအတွက် ကျန်သူများက စုပေါင်းကာ ငွေကြေးထောက်ပံ့ ခြင်းများ ပြုလုပ်လေ့ရှိရာ လာမည့်နှစ်တွင် ယခုကဲ့သို့သော ငွေကြေးကောက်ခံခြင်းများကို လက်ခံတော့မည် မဟုတ်ကြောင်း သိရသည်။

“ပြောချင်တဲ့သဘောက အရင်ကဆို အုပ်ကြီး(ရပ်ကျေးအုပ်ချုပ်ရေးမှူး)တွေကတစ်ဆင့် ငွေကောက်ပြီး ရွာကို ပေါ်တာလာမဆွဲအောင်၊ လူလာမစုအောင် လုပ်ကြတာရှိတယ်။ အခုအဲ့တာကို လက်မခံတော့ဘူး။ သူတို့ဖမ်းချင်သလိုဝင်ဖမ်းမယ် အဲ့ဒီသဘော။ ဒါပေမဲ့ ဖမ်းပြီးရင်လည်း သူတို့(စစ်ကောင်စီ)က ငွေညှစ်ပြီး ပြန်ရွေးခိုင်းတာမျိုးတော့လုပ်ချင် လုပ်မယ့်သဘောပဲ” ဟု မင်းလှအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လာမည့် ၂၀၂၅ ခုနှစ်အတွက် မင်းလှမြို့နယ်တွင် စစ်မှုထမ်းစုဆောင်းရာတွင် အမျိုးသား၊ အမျိုးသမီး မခွဲခြားတော့ဘဲ အမျိုး သမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၂ အတွင်း သတ်မှတ်ထားပြီး အမျိုးသားဖြစ်ပါက ၁၄ နှစ် မှ ၆၀ အတွင်း သတ်မှတ်လိုက်ကာ တပ်သားသစ် စုဆောင်းမည်ဟု မင်းလှမြို့ပေါ်ရှိ ထွေအုပ်ရုံးတွင် ပြုလုပ်သည့်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်း စစ်မှုထမ်းရန်တပ်သားသစ်စုဆောင်းပေးသည့် အုပ်ချုပ်ရေးမှူးများမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်ခြင်းများကို ခံ‌နေရသည့်အတွက် စစ်ကောင်စီကို ‌တိုင်ကြား ဖြေရှင်းခိုင်းရာမှ ယခုကဲ့သို့ ငွေကြေးကောက်ခံခြင်းများကို လက်မခံတော့ဘဲ ၎င်းတို့စိတ်တိုင်းကြိုက် တပ်သားသစ်စုဆောင်းရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

ထိုသို့ တပ်သားသစ်စုဆောင်းရာတွင်ယခင်က စစ်ကောင်စီ၏ တပ်သား သစ်အဓမ္မစုဆောင်းမှုကြောင့် စစ်မှုထမ်းသင်တန်းတက်ရောက်ခဲ့ရသည့် တပ်သားများကပါ တပ်သားသစ် စုဆောင်းနေရ၍ ၎င်းတို့မှာ ပေါ်တာဆွဲဖမ်းဆီးခြင်းများ လုပ်ဆောင်လိုခြင်းမရှိကြောင်းသိရပြီး ငြင်းဆန်ခဲ့သည့် မင်းလှ ခလရ-၁ တပ်ရင်းမှ တပ်သားနှစ်ဦးမှာ အမိန့်ဖီဆန်မှုဖြင့် ဖမ်းဆီးထိန်းခြင်းခံထားရကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

ဓာတ်ပုံ – အင်တာနက်
#မင်းလှ #စစ်မှုထမ်းစုဆောင်း #စစ်ကောင်စီ #လာမည့်နှစ်၂၀၂၅ #အုပ်ချုပ်ရေးမှူး #Ayeyarwaddy_Times