ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆင်ဖြူကျေးရွာတွင် စစ်ကောင်စီဖွဲ့စည်းထားသည့် ပြည်သူ့စစ်စခန်းခေါ် ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထွက်ပြေးသွားကြကြောင်း သိရသည်။

အဆိုပါပျူစောထီးစခန်းကို ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက် နံနက် ၅ နာရီ၃၀မိနစ်ခန့်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စီးနင်းဝင်ရောက်ခဲ့ရာ ပျူစောထီးများမှာ လက်နက်များထားပြီး ထွက်ပြေးကြသဖြင့် လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ညောင်ဦးမြို့နယ် ပကဖထံက သိရသည်။

ဆင်ဖြူကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်ဝင်းကိုနှင့် အပေါင်းအပါများ တပ်စွဲနေသည့် နေရာကို စီးနင်းစဉ် ပြည်သူ့စစ်နှင့် ပျူစောထီးများမှာ ပြန်လည်တိုက်ခိုက် နိုင်ခြင်းမရှိဘဲ ထွက်ပြေးသွား၍ ၎င်းတို့ကိုင်ဆောင်သည့် ပြောင်ချောသေနတ်နှစ်လက်၊ တူမီးတစ်လက်၊ ပွိုင့်၂၂ တစ်လက်၊ ပါရီတစ်လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်)က ထုတ်ပြန်ထားသည်။

“အဓိကကတော့ ၂၀၂၅ မှာ မဟာမိတ်တပ်ရင်း တပ်ဖွဲ့များနှင့်အတူ စစ်ရေးအရှိန်မြှင့် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ပုဂံကိုအပျော်အပါး ဘုရားဖူးလာတဲ့ ဧည့်သည်တွေ အနေနဲ့လည်း ည ၈နာရီ နှင့် မနက် ၆ ကြား အပြင် မထွက်စေချင်ပါဘူး။ အတန်တန်သတိပေးလျက် မလိုက်နာပါက မိမိတို့ အပြစ်သာ ဖြစ်ပါတယ်”ဟု ညောင်ဦးမြို့နယ်ပကဖတာဝန်ခံ ကိုဇီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ်ပကဖ၊ ညောင်ဦး ခရိုင် PDF တပ်ရင်း ၅၊ BGF (Burmese Guerrilla Force)မြင်းခြံနှင့် ညောင်ဦးမြို့နယ် ပကဖ(ပုဂံပြည်ဘီလူးတပ်)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

အလားတူ ယနေ့ ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတွင် ကမ္မအရှေ့ဘက် တောင်သာနယ်ရှိ ဇဂျမ်းဘက်မှာ တိုက်ပွဲဖြစ်နေပြီး ငါ့သရောက်မြို့မှ မန္တလေးဘက်သွားသည့် ကားများ ပြန်လာကြရကြောင်း ဒေသခံများ ထံက သိရသည်။

ဓာတ်ပုံ- ပုဂံပြည်ဘီလူးတပ်

#မန္တလေး #တောင်သာ #ဆင်ဖြူကျေးရွာ #ပြည်သူ့ စစ်စခန်း #တော်လှန်ရေးတပ် #စီးနင်း #တိုက်ခိုက် #လက်နက်ရရှိ #Ayeyarwaddy_Times