နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

စစ်ခေါင်းဆောင်က လက်ရှိပဋိပက္ခများ လျှော့ချနိုင်ရေး တွေ့ဆုံဆွေးနွေးရန် ကရင်နှစ်သစ်ကူးနေ့တွင် သဝဏ်လွှာပေးပို့ခဲ့သော်လည်း ဒူးသထူနှင့် မူတြော်ခရိုင်အတွင်း ကျင်းပသော ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထံက သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ဒူးသထူခရိုင်အတွင်းရှိ ယိုကလား-ထီးဖဒိုထာအကြားနှင့် မူတြော်ခရိုင်အတွင်းရှိ နိုဖေါထီးကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်က ကရင်နှစ်သစ်ကူး ကျင်းပသည့် နေရာများကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပြီး တစ်ဖက်တွင်လည်း စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရန်အပါအဝင် စသည့်အချက်များကို သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

“အဖွဲ့အစည်း၊ တစ်ယောက်နဲ့ တစ်ယောက်အကြားမှာ ယုံကြည်မှုက အရေးကြီးပါတယ်။ အဲဒီတော့ ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား တောက်လျှောက်လုပ်လာတဲ့ လူတစ်ယောက်၊ အဖွဲ့အစည်းကို ဘယ်လိုမှ ယုံကြည်နိုင်စရာ အကြောင်းမရှိပါဘူး” ဟု KNU⁨ ပြောခွင့်ရ ပဒိုစောတောနီး⁩က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် ကရင်တိုင်းရင်းသားများအား ဘိုးဘွားဘီဘင် အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြသည့် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းများ၊ သမိုင်း အမွေအနှစ်များကို လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်းကြရန်လည်း ထိုသဝဏ်လွှာတွင် တိုက်တွန်းထားကြောင်း သိရသည်။

ယင်းပြောဆိုမှုသည် ဟန်ပြသာဖြစ်ပြီး ယခုတိုက်ခိုက်မှုဖြင့် ၎င်းတို့လိုလားသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေးတို့သည် စစ်ဘောင်အတွင်းက ထားရာနေ၊ စေရာသွားသော အဓိပ္ပါယ်ကို ဖော်ဆောင်ပြသနေကြောင်း KNU က ထုတ်ပြန်ပြောဆိုသည်။

“နိုင်ငံတကာနဲ့ ပြည်သူအားလုံးကို အသိပေးချင်တာက ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးရေးကို ဘယ်တော့မှ မငြင်းဘူး။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာဖို့အတွက် ကျွန်တော်တို့ အမြဲတမ်း ပြောဆိုနေတဲ့ ဘုံနိုင်ငံရေး ရပ်တည်ချက် သုံးချက်ကို သူတို့လက်ခံရမယ်” ဟု ပဒိုစောတောနီး⁩က ဆိုသည်။

အဆိုပါလုပ်ရပ်သည် စစ်ခေါင်းဆောင်က ကရင်လူမျိုးများ အထွတ်အမြတ်ထားရာ ကရင်နှစ်သစ်ကူးပွဲတော်အား ဂုဏ် သိက္ခာညိုးနွမ်းစေပြီး ပွဲတော်တက်ရောက်သူများကို သွေးစွန်းညစ်ထေး၍ သေကြေ ပျက်စီးစေရန် ရည်ရွယ်သည့် လုပ်ရပ်အဖြစ် KNU က သတ်မှတ်ကာ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆိုထားသည်။

ထို့အပြင် ခေတ်သစ်မြန်မာ သမိုင်းတလျှောက် အစိုးရအဆက်ဆက်၏ အသိအမှတ်ပြုမှုကို ခံခဲ့ရသည့် ကရင်နှစ်သစ်ကူး ပွဲတော်အား အာဏာသိမ်း စစ်ကောင်စီက လူသိရှင်ကြား ရည်ရွယ်ချက်ရှိရှိဖြင့် စော်ကားတိုက်ခိုက်လိုက်သည့် သမိုင်းဝင် သင်္ကေတ လက္ခာဏာ တစ်ရပ်လည်းဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-KNU
ပုံစာ-KNU ထိန်းချုပ်နယ်မြေများအတွင်း ကျင်းပပြုလုပ်ခဲ့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်။
#စစ်ခေါင်းဆောင် #တွေ့ဆုံဆွေးနွေးရန် #ကရင်နှစ်သစ်ကူးနေ့ #သဝဏ်လွှာပေးပို့ #ကရင်နှစ်သစ်ကူးနေ့အခမ်းအနား #လေကြောင်းမှဗုံးကြဲ #Ayeyarwaddy_Times