ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဒီဇင်ဘာ ၃၀ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖို့မြို့နယ်တွင် စစ်တပ်ထောက်ခံသည့် သားအဖ နှစ်ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက် ည ၇ နာရီဝန်းကျင်က ကားမောင်းသင် နေစဉ် စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်ခြင်းခံခဲ့ရပြီး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးဖြစ်သူ ကိုစည်သူကျော်သည် ဖခင်ဖြစ်သူ ဦးကျော်သန်းကို အုတ်ဖိုမြို့အဝင်အနီးတွင် ညအချိန်ကားမောင်းသင်ပေးနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးက ကားရပ်ခိုင်းရာ မရပ်ပေးနိုင်၍ ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့သားအဖက စစ်တပ်ကို ပိုင်တယ်ဆိုပြီး ညဘက်ကြီး ကားမောင်းသင်တာ။ သူ့အဖေ မွေးနေ့လက် ဆောင်ဆိုပြီးကားအသစ်ဝယ်ပေးပြီး သင်တော့ ဟိုကလည်းမမှတ်မိဘူး။ ကားရပ်ခိုင်းတော့ ဘရိတ်မမိလို့ မရပ်လိုက်ရတာကို စစ်ကောင်စီက PDF ဆိုပြီး ဝိုင်းပစ်ကြတာ။ မြို့ခံတွေကတော့ တော်တော်ပျော်နေကြတယ်” ဟု အုတ်ဖို့မြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ၎င်းတို့နှစ်ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဦးကျော်သန်းမှာ ခြေထောက်ဖြတ်ရသည်အထိ ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူမှာ နားရွက်ကျည် ထိမှန် ဒဏ်ရာရခဲ့ ကြောင်းသိရသည်။

ဦးကျော်သန်း နှင့် ကိုစည်သူကျော်တို့ နှစ်ဦးသည် အုတ်ဖို့မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပေါ် ထောက်ပံ့မှုများရှိပြီး တော်လှန်ရေးတပ်ဖွဲ့များမှ စောင့်ကြည့်နေသူများ ဖြစ်ကြောင်း အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။

အုတ်ဖို့မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ မှ စတင်ကာ ည ၉ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ယခုအချိန်အထိ ရုတ်သိမ်းခြင်း မရှိသေးဘဲ ယခုအခါတွင်လည်း ဒေသခံအများစုမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကောင်စီ၏ ဖမ်းဆီးခြင်းများကြောင့် ညဘက်အပြင်ထွက်ခြင်းများ ပြုလုပ် လေ့မရှိကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
#အုတ်ဖို #စစ်တပ်ထောက်ခံ #ပစ်ခတ်ခံရ #စစ်ကောင်စီတပ်ဖွဲ့ဝင် #Ayeyarwaddy_Times