ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကဒေသခံလူငယ်များကို ခြိမ်းခြောက်ပြီးပြည်သူ့စစ်မှုထမ်းထမ်းသင်တန်းသို့ ဆက်တိုက်ပို့ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်နေသည့် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးပေါက်စ (ခ) စောယဉ်ထွန်းသည် ကျုံပျော်မြို့နယ်၊ ရွှေကညင်ပင်ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးဖြစ်ကြောင်း ဒေသခံများကပြောသည်။

“အုပ်ကြီးက နယ်ဘက်မှာရှိတဲ့ လူငယ်တွေအားလုံးကို စစ်သင်တန်းပို့နေတာ၊ ‌ငွေတွေလည်း အကြောင်းအမျိုးမျိုးပြတောင်းတယ်။ အရမ်းလည်းခြိမ်း‌ခြောက်တာတွေလုပ်တယ်။ အခုဆို နယ်ဘက်ကလူငယ်တွေကို စစ်မှုထမ်းထဲထည့်တာမနည်းတော့ဘူး။ အုပ်စုမှာ အဲဒီအုပ်ကြီးက တစ်ခုခုဆို ရဲနဲ့စစ်တပ်ခေါ်ရိုက်နှက်တာတွေပါလုပ်တာ”ဟု ကျုံပျော်မြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးပေါက်စ (ခ) စောယဥ်ထွန်းသည် မိုးကြိုးပစ်ကျေးရွာအုပ်စု စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်နှင့် ပူးပေါင်းကာ မိုးကြိုးပစ်
ကျေးရွာ၊ ကွင်းကောက်ကျေးရွာ၊ သဲချောင်းကျေးရွာ၊ ခဲပေါင်ကျေးရွာ၊ ရွာသာကြီးကျေးရွာ၊ ဂရက်ရှည်ကျေးရွာ၊ ဒိုးပင်ရိုးစသည့် ကျေးရွာများမှလူငယ်များကို စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိ ဒေသခံအမျိုးသား ၂၅ ဦးထက်မနည်းကို စာရင်းကောက်ယူပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးပေါက်စက အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ကာ အဓမ္မလက်မှတ်ထိုးခိုင်းပြီး ကွင်းကောက်မြို့ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်‌‌ရေးကျောင်းသို့ပို့ဆောင်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ (၇)၊ (၈) တို့တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ၊ ငွေကြေးမပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စစ်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပိုဆောင်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအပြင် ကျန်တိုင်းနှင့်ပြည်နယ်များတွင်လည်း လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်းများ ဆက်တိုက်ပြုလုပ်နေမှုများကြောင့် ညပိုင်းတွင် လူသွားလူလာနည်းပါးသွားကြောင်း ဒေသခံများကပြောဆိုသည်။

ဓာတ်ပုံ-ရွှေကညင်ပင်ကျေးရွာအုပ်စု စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးပေါက်စ (ခ) စောယဥ်ထွန်း

#ကျုံပျော် #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ဒေသခံလူငယ် #ခြိမ်း‌ခြောက်ခေါ်ယူ #ပြည်သူ့စစ်မှုထမ်းသင်တန်း #တပ်မတော်တန်းမြင့်သင်တန်းကျောင်း
#Ayeyarwaddy_Times