ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ အနီးတစ်ဝိုက် ကျေးရွာများရှိ ဒေသခံများက ဗုံးခိုကျင်းများ တူးထားသည်ကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများမှ မြေပြန်ဖို့ရန် စေခိုင်းနေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများကြောင့် ၎င်းနှင့်ဆက်စပ်နေသော ပန်းတောင်းမြို့ နယ်အတွင်းရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များနှင့် နီးကပ်နေသည့် သူရဲတန်း ကျေးရွာမှဒေသခံများက ၎င်းတို့၏နေအိမ်များတွင် ဗုံးခိုကျင်းများ တူးဖော်သည်ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက မြေပြန်ဖို့ရန် ခိုင်းစေနေကြောင်း ဒေသခံများထံက သိရသည်။

“စစ်ဘေးရှောင်ဖို့ ဗုံးခိုကျင်းတွေ ကြိုတင်ပြင်ဆင်ကြတာကို ပြန်ဖို့ခိုင်းတာ။ တစ်ခုခုဆို သူတို့ အရင်ပြေးမှာ။ လာတူးပေးမှာလည်း မဟုတ်ဘူး။ ဘာမှမဖြစ်တာကို ခုလိုလုပ်တာတွေကို တားမြစ် တယ်ဆိုပြီး မြေပြန်ဖို့ခိုင်းတာ”ဟု ပန်းတောင်းမြို့နေဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

အဆိုပါ သူရဲတန်းကျေးရွာသည် ရခိုင်ရိုးမနှင့်ကပ်နေသည့် ပုသိမ်-မုံရွာလမ်းအရှေ့ဘက်တွင်ရှိပြီး စစ်ကောင်စီ၏ အမှတ်(၉) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၉)နှင့် ကားလမ်းတစ်ဖက်သာခြားခြင်း ကြောင့် စစ်မီးကူးလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ယခုဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တိုက်ပွဲနှင့်ဆက်စပ်၍ နယ်မြေချင်းထိစပ်လျက်ရှိသည့် မကွေး၊ ပြည်နှင့် ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်မိသားစုဝင်များမှ ပိုမို၍စိုးရိမ်ထိတ်လန့်နေကာ ရွှေ့ပြောင်း မှုများပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မကွေးတိုင်း မင်းတုန်းမြို့နယ်၊ ပဲခူးတိုင်း ပြည်မြို့နယ်နှင့် ဧရာဝတီတိုင်းရှိ ငါးသိုင်းချောင်းမြို့နယ်တို့တွင် စစ်ရေးပြင်ဆင်မှုများပြုလုပ်ထားကြောင်း ဒေသခံများ ထံက သိရသည်။

#ပဲခူး #ပြည် #ဥသျှစ်ပင်မြို့နယ် #သူရဲတန်းကျေးရွာ #ဒေသခံများ #ဗုံးခိုကျင်းတူး #အုပ်ချုပ်ရေးမှူး #မြေပြန်ဖို့ခိုင်း #Ayeyarwaddy_Times