
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်
စစ်ကောင်စီအာဏာသိမ်းထားသည့်ကာလအတွင်း မြို့ကြီးများ၌ ဓားမြတိုက်လုယက်မှုများ များပြားလျက်ရှိရာ ယခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့ရှိ စိန်ရွှေရတနာဆိုင်များကို ဓားပြတိုက်မှု ခုနှစ်မှု ဖြစ်ပွါးခဲ့ကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာန၏ မှတ်တမ်းများအရ သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီနှင့် မေလတွင် ဆယ်သန်းရွှေဆိုင်နှစ်ဆိုင်၊ မတ်လတွင် လင်းလက်ဝါရွှေဆိုင်၊ စက်တင်ဘာလတွင် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ်အပါအဝင် ဒီဇင်ဘာလတွင်အကယ်ဒမီနှင့် နဂါးနန်းတော်ရွှေဆိုင်တို့တွင် ဓားပြတိုက်မှုဖြစ်ပွါးခဲ့ပြီး စုစုပေါင်းရွှေချိန် ၂၃ ပိဿာကျော်ဓားပြတိုက်ခံခဲ့ရဖြစ်သည်။
ဒီဇင်ဘာ ၂၆ ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဒိုင်းမွန်းပလာဇာအနီး၊ ၇၇ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ နဂါးနန်းတော်စိန်ရွှေနဂါးဆိုင်ကို လူနှစ်ဦးက သေနတ်ပြခြိမ်းခြောက်ကာ ရွှေတစ်ပိဿာကျော် ကာလတန်ဖိုး ကျပ် သိန်း ၅၀၀၀ ကျော်ကိုဓားပြတိုက်လုယက်သွားခဲ့သည်။
နဂါးနန်းတော်စိန်ရွှေနဂါးဆိုင်ဖွင့်နေချိန်တွင် အမည်မသိလူနှစ်ဦးက သေနတ်အတိုတစ်လက်၊ အရှည်တစ်လက်ကိုင်ကာရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။
“ မန္တလေးမှာ ဘယ်နားမှာမှမလုံခြုံဘူး။ မြို့ပတ်လည်နန်းတော်ထဲမှာ စစ်တပ်တပ်စွဲထားပေလို့ပဲ။ ရွှေဆိုင်တွေ ဓားပြတိုက်ခံရလည်းစစ်သားရော ရဲရောချက်ချင်းရောက်မလာဘူး။ သေနတ်တွေပါတော့ ကြောက်ကြမှာပဲ။ အိမ်ဘက်ဆိုခြံစည်းရိုးဆူးလိပ်နှစ်ဆင့်ကာထားတယ်။ အိမ်တိုင်းနီးပါး CCTV ထားတာပဲ။ ဖြစ်ပြီဆိုရင် မဖမ်းမိတာများတယ်” ဟု နန်းရှေ့တွင်နေထိုင်သူ မန္တလေးမြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မန္တလေးမြို့အတွင်း မနက်အစောပိုင်းဆိုင်ကယ်စီးသွားလာသူများလည်း လုယက်ခံရသဖြင့် လုံခြုံမှုမရှိပဲ သွားလာနေထိုင်ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ရွှေဆိုင်ခုနှစ်ဆိုင် ဓားပြတိုက်ခံရမှုများတွင် ချောင်ချောင်ရွှေဆိုင် နေအိမ်ဓားပြတိုက်လုယက်မှု ကျူးလွန်သူအမျိုးသား ခြောက်ဦးကို သက်သေခံပစ္စည်း ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ် သိန်း ၁၀၀၀ ခန့်ကို ဓားပြတိုက်ခံရပြီး လေးရက်အကြာတွင် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
အဆိုပါတရားခံများဖမ်းဆီးရမိရေးအတွက် ပျူစောထီးခေါင်းဆေင် ပေါက်ကိုယ်တော်၏ အကူအညီယူရပြီး စစ်တပ်လက်အောက်ခံပျူစောထီးများပါဝင်သဖြင့် ဖမ်းဆီးရမိခြင်းဖြစ်သည်။
“ သူခိုးတွေကဘာမှမကြောက်ဘူးး။ အဖမ်းခံရလည်း ပြန်လွှတ်မှာပဲဆိုတော့ ဇက်ရဲလက်ရဲ လုပ်ရဲတယ်။ ကိုယ့်ဘာသာပဲဂရုစိုက်ပြီးလုံခြုံအောင်နေရမယ်။ သွားသတိ၊ လာသတိနဲ့နေရတယ်” ဟု မန္တလေးမြို့ခံ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးက ပြောကြားသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြို့ကြီးများ၌ အကြီးစားဓားပြတိုက်ခံရမှုများတွင် ရွှေဆိုင်များ၊ဘဏ်များနှင့် ငွေလဲလုပ်ငန်းများပါဝင်ကာ သက်တမ်းလေးနှစ်အတွင်း ဆယ်နှင့်ချီရှိကြောင်းစုံစမ်းသိရသည်။
ဓာတ်ပုံ – လူမှူကွန်ယက်
#မန္တလေးမြို့ #ရွှေဆိုင်များဓားမြတိုက်ခံရမှု #တစ်နှစ်အတွင်း၇ခုရှိ #Ayeyarwaddy_Times