ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့စခန်း ဒရုန်းဗုံးကြဲချခံရပြီး ရဲတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရဲတပ်သား သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြဝတီရဲတပ်ဖွဲ့ဝင် တစ်ဦးထံက သိရသည်။

“ခရိုင်ရဲစခန်းဝင်းးရဲ့ အနောက်အဝင်ဝနားမှာ ပေါက်ကွဲ သွားတော့ ရဲတပ်သား သုံး ဦးနဲ့ မိသားစုဝင်တစ်ဦး လေး ဦး ထိခိုက်ဒဏ်ရာရတယ်။ မြဝတီခရိုင်ဆေးရုံကို ပို့ထားတယ်”ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ခရိုင်ရဲရုံးကို ယမန်နေ့ ညပိုင်းက ဒရုန်းဗုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ညက ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာ။ သွားတိုက်ခိုက်ချိန် တစ်လုံးကြဲချပြီးချိန်မှာ ဂျန်ဘာ(Jammer) တွေဖွင့်လိုက်တော့ နောက်တစ်လုံးချဖို့ ခက်သွားတယ်။ ဂျန်ဘာတွေကို ချက်ချင်းထဖွင့်တာ။ ဒရုန်းတောင် မနည်းပြန်ရုန်းထွက်ခဲ့ရတယ်”ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“မြဝတီကရဲနှင့်အုပ်ကြီး ဆယ်အိမ်မှူးတွေကို နောက်ဆုံး သတိပေးမယ်။ ပြည်သူကို ခြိမ်းခြောက်ငွေညှစ် ဖမ်းဆီးနေတာတွေ ရပ်တန်းကရပ်သင့်ပြီနော် သတိပေးထားတာ မရပ်ရင်တော့ မြွေဟောက် အဆိပ်ပြင်းတယ်ဆိုတာ ခံစားရမယ်” ဟု ကော်ဘရာစစ်ကြောင်းမှ ကိုစောကောမှ ၎င်း၏လူမှုကွန်ရက် တွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ရေးသားထားသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ-ဒရုန်းဗုံးကြဲချခံရသည့် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့စခန်းကိုတွေ့ရစဉ်
#ကရင် #မြဝတီ #ခရိုင်ရဲရုံး #ဒရုန်းဗုံးကြဲချ #ရဲတပ်ဖွဲ့ဝင်များ #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times