
ဧရာဝတီတိုင်းမ်
(ပဲခူး)၊ ဒီဇင်ဘာ ၂၉ ရက်
စစ်ကောင်စီက ရခိုင်တိုက်ပွဲအခြေအနေများကြောင့် ပဲခူးတိုင်း(အနောက်ခြမ်း) ဒေသများကို ခံစစ်ပြင်ဆင်သည့်အနေ အထားဖြင့် စစ်အင်အားဖြည့်တင်းမှုများပြုလုပ်နေပြီး လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ပဲခူးအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းရှိမြို့နယ်များဖြစ်သည့် လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ နတ်တလင်း စသည့် မြို့နယ်များတွင် စစ်အင်အားတို့ချဲ့မှုများပြုလုပ်နေခြင်းဖြစ်ပြီး ပဲခူးရိုးမအတွင်းသို့လည်း စစ်ကြောင်းထိုးနိုင်ရန်ပြင်ဆင်မှုများပြုလုပ်ထားကာ ယခု ရက်ပိုင်းအတွင်း ရဟတ်ယာဉ်များဖြင့် ကင်းလှည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အရေးနိမ့်လာသည့်အတွက် ရခိုင်နှင့် ထိစပ်နေသည့် ဒေသများဖြစ်သည့် ပဲခူးအနောက်ခြမ်းဒေသနှင့် ဧရာဝတီတိုင်းအတွင်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
“လက်ပံတန်းဆို ဧရာဝတီနဲ့နီးသွားပြီး။ အဲ့ဒီတော့ လက်ပံတန်းကနေ ဟင်္သာတသွားတဲ့လမ်းပိုင်းကို စစ်ဆေးရေးတော်တော်လေး တင်းကျပ်လိုက်ပြီး သူတို့ပေးဖြတ်တဲ့သူပဲဖြတ်လို့ရတော့တယ်။ သာယာဝတီခရိုင်ထဲမှာဆိုလည်း ပြည်ဘက်နဲ့ ပိုနီးတဲ့ နတ်တလင်းဘက်မှာ တော်တော်လေးစစ်ရေးပြင်းထန်နေတယ်။ မြို့သိမ်းမယ်ဆိုပြီးတော့လည်း သတင်းတွေထွက်လာတော့ သူတို့(စကစ)ဘက်ကလည်း တော်တော် စစ်ရေးပြင်ဆင်မှုတွေလုပ်လာတာ” ဟု သာယာဝတီခရိုင်အတွင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သာယာဝတီခရိုင်အတွင်း စစ်ကောင်စီက လက်ပံတန်းရှိ ထန်းပင်ချောင်ဂိတ်၊ မင်းလှရှိ စမ်းဘုတ်ရွာစစ်ကောင်စီစစ်ဆေးရေးဂိတ်၊ ဟိုင်းယုလမ်းဆုံစစ်ကောင်စီ စခန်း၊ အုတ်ဖိုရှိ ဝိုင်းရဲစခန်း၊ ထန်းပင်ကုန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်၊ ကြို့ပင်ကောက်ရှိ ကွင်းချောင်းပျူရွာစခန်း၊ ဇီးကုန်းရှိ ဘော်ဘင်ပျူရွာစစ်ကောင်စီစခန်း၊ နတ်တလင်းတောင်ညိုရဲစခန်း၊ မကျီးပင်ရွာစစ်ကောင်စီစစ်ဆေးရေးဂိတ် စသည့် နေရာများတွင် အင်အားဖြည့်တင်းထားကြောင်းလည်း သိရသည်။
ထို့ပြင် သာယာဝတီခရိုင်နှင့် ဆက်စပ်နေသည့်အပြင် ရခိုင်ပြည်နယ်နှင့်လည်း ထိစပ်နေသည့် ပြည်ခရိုင်အတွင်းတွင် စစ်ကောင်စီက တပ်သားသစ်များ အသုံးပြုကာ ခံစစ်ပြင်ဆင်နေ၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရင်နေ့က တောင်ကုတ်-ပြည် လမ်းပိုင်းရှိ ပန်းတောင်းမြို့နယ်မှ တပ်မိသားစုဝင်များ ဖောကားများဖြင့်ထွက် ပြေးသွားကြောင်း သိရသည်။
“အခုဆိုစစ်တပ်ဘက်က အချို့တွေက ကျွန်တော်တို့ကို လာဆက်သွယ်တာရှိတယ်။ သူတို့က CDM ဝင်တာလည်းမဟုတ်ဘဲ တကယ်လို့ မြို့သိမ်းတိုက်ပွဲတွေဖြစ်တာနဲ့ မခုခံဘူး။ လက်နက်ချမယ်၊ အညံ့ခံပါမယ်ဆိုပြီး ပြောတာ။ ရဲမိန်းမတွေကလည်း အလံဖြူထောင်ဖို့ဆိုပြီး ဘော်လီအတွင်းခံအဖြူတွေဝယ်ထားတယ်တဲ့” ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောသည်။
ပဲခူးတိုင်းအတွင်း ရခိုင်နှင့် အနီးစပ်ဆုံး မဟာဗျူဟာ ဖြစ်သည့် မင်းကြီးတောင်ခံစစ်ကို စစ်ကောင်စီ၏ တောင်ပိုင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)ဒကစ မှူး တို့ကိုယ်တိုင် ကွပ်ကဲမည်ဖြစ်ကြောင်းသိရပြီး ယခုဒီဇင်ဘာ စတုတ္ထပတ်အတွင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တိုင်းမှူး ပြည်မြို့သို့သွားရောက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ရခိုင်တိုက်ပွဲအတွင်း ရှုံးနိမ့်မှုများကြောင့် ရခိုင်နှင့် ထိစပ်နေသည့် ပဲခူး တောင်ကုတ်-ပြည်-ရန်ကုန်လမ်း၊ ဧရာဝတီ ဂွ-ငါးသိုင်းချောင်းလမ်း၊ အမ်း-ပဒါန်း လမ်းပိုင်းများ နှင့် ဆက်စပ်ဒေသများတွင် ခံစစ်ပြင်ဆင်မှုများပြုလုပ်နေကြောင်းလည်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက် (ပုံဟောင်း)
#ပဲခူးအနောက်ခြမ်း #စစ်ကောင်စီ #ခံစစ်ပြင်ဆင် #အင်အားတိုး #စစ်ကြောင်းထိုး #ရခိုင် #Ayeyarwaddy_Time