ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာ ၂၈ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဖနိုင်ရွာတွင် ဒေသခံအမျိုးသားဦးလျန်နိုသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက် နေ့က မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေတချောင်းပြတ်သွားကြောင်းဒေသခံများထံက သိရသည်။

မတူပီမြို့နယ်တွင် မြေမြှုပ်မိုင်းများကြောင့် ဒေသခံ လေးဦးခန့်သေဆုံးခဲ့ပြီး ၁၀ ဦးခန့်ဒဏ်ရာရ ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။

“ဘုံတလာရေတံခွန်သွားတဲ့ လမ်းဘေးက သူ့လယ်မှာ ပေါင်းတွေ ရှင်းရင်းနဲ့ မိုင်းနင်းမိသွားတာပါ။ သူလယ်ကို ခဏခဏသွားနေကျပါ။ ဘယ်အချိန်က ထောင်တဲ့ မိုင်းကို နင်းမိတာလဲဆိုတာတော့ မသိဘူး။ လက်ရှိဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်က ပြီးခဲ့သည့် ဇွန်လတွင် မြို့ကိုသိမ်းပိုက်နိုင် ခဲ့သော်လည်း နိုင်ငံရေး၊ စစ်ရေးသဘောထားမတူညီမှုကြောင့် ချင်းလဲန်အစိုးရကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ မြေမြှုပ်မိုင်းများရှင်းနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

ပုံစာ-မြေမြှုပ်မိုင်းနင်းမိသော ဦးလျန်နို။

#မတူပီ #ဒေသခံအမျိုးသား #မြေမြှုပ်မိုင်းနင်းမိ #ခြေတစ်ဖက်ပြတ် #Ayeyarwaddy_Times