ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ဒီဇင်ဘာ၂၄ ရက်နေ့က စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ခရစ်ယာန် ဓမ္မဆရာ တစ်ပါး သေဆုံးသွားကြောင်း ဒေသခံများထံက သိရှိရသည်။

သေဆုံးသွားသူသည် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၄)၊ အေးစခန်းရွာမှ အသက် ၄၀ နှစ်အရွယ် ခရစ်ယာန် ဓမ္မဆရာ ဦးရွှီမာန်ဖြစ်ကြောင်း သိရှိရသည်။

မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်သွားည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းရှာဖွေစဥ် စစ်ကောင်စီတပ်ဖွဲ့တစ်ဦးက ချောင်းမြောင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

“တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကပါ တူမီးသေနတ်တွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သားတွေကို ဝိုင်းဝန်ရှာဖွေရင်း ပစ်ခတ်ခံရတာပါ။ ဒဏ်ရာပြင်းထန်တော့ ဆေးကုသရင်း သေဆုံးသွားတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပစ်ခတ်ခံရသည့် ဦးရွှီမာန်ကို အချိန်မီ ဆေးကုသမှုများ ပြုလုပ်ခဲ့သော်လည်း ပြင်းထန်သည့်ဒဏ်ရာကြောင့် ပစ်ခတ်ခံရသည့် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဆုံးခဲ့သည်။

ချောင်းမြောင်းပစ်ခတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သည့်အတွက် သေဆုံးခဲ့ကြောင်း သိရှိရသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းနှင့် မကွေးအစပ် တောတောင်ထဲတွင်ရှိနေသေးကြောင်း သိရှိရသည်။

မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်။

#မင်းတပ်မြို့နယ် #စစ်ကောင်စီတပ် #ပစ်ခတ်မှု #ခရစ်ယာန် #ဓမ္မဆရာ #သေဆုံး #Ayeyarwaddy_Times