
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်
စစ်အာဏာရှင် စနစ်အောက်မှ ပထမဦးဆုံး လွတ်မြောက်တော့မည့် ရခိုင်ပြည်နယ် အောင်ပွဲအတွက် ဂုဏ်ပြုဂုဏ်ယူရင်း အားလုံး လွတ်မြောက်ရေးအတွက် စုပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း ပအိုဝ်းနှင့် မွန် စုစုပေါင်းလေးဖွဲ့က ယနေ့(ဒီဇင်ဘာ ၂၅ ရက်)တွင် ထုတ်ပြန်ပြောဆိုသည်။
စစ်ကောင်စီကို တော်လှန်နေသည့် ပအိုဝ်းအမျိုးသား လွှတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသား ဖက်ရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)တို့မှ ထိုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။။
“AA ကနေ အခုလို စွမ်းဆောင်နိုင်တာကို ကျွန်တော်တို့က ဂုဏ်ယူတယ်။ ပြီးရင် နပခတစ်ခုတည်း ကျတာမဟုတ်ဘဲနဲ့ ရခိုင်တစ်ပြည်လုံးမှာရှိတဲ့ စစ်ကောင်စီတပ်တွေ အကုန်လုံး ကင်းစင်သွားရတော့မယ့် အခြေအနေကို တွေ့နေရပြီ” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာရက္ခတပ်တော် (AA)သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို သိမ်းပိုက်နိုင်ခဲ့ပြီး မကြာမီ ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်ကောင်စီတပ်များ ကင်းစင်ပပျောက်သွားအောင် ဆက်လက်တိုက်ပွဲဝင်မှုနှင့် ရဲစွမ်းသတ္တိကို ဂုဏ်ပြုကြောင်း အဆိုပါလေးဖွဲ့က ပူးတွဲထုတ်ပြန်ထားသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် တစ်စိတ်တစ်ပိုင်း လွတ်မြောက်ရုံဖြင့် အားလုံးမလွတ်မြောက်နိုင်၊ အားလုံးလွတ်မြောက်မှသာ လွတ်မြောက်မှု အစစ်အမှန်ကို အပြည့်အဝရရှိမည်၊ ယခုအောင်ပွဲသည် ရခိုင်ပြည်သူတို့၏ အောင်ပွဲဖြစ်သကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး၏ အောင်ပွဲလည်းဖြစ်သည် ဟု ခံယူထားကြောင်း သိရသည်။
ယင်းသို့ ခံယူထားသည်နှင့်အညီ သူ့အရေး ကိုယ့်အရေး၊ အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်းတိုက်ပွဲဝင်လျက်ရှိသလို စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်တွင်လည်း ဘဝတူညီနောင် တော်လှန်ရေး အင်အားစုများနှင့်အတူ ခိုင်ခိုင်မာမာ လက်တွဲသွားမည်ဟု ထုတ်ပြန်ဖော်ပြသည်။
“ဒီအချိန်မှာ ကျွန်တော်တို့က ကိုယ့်လွတ်မြောက်ရေး တစ်ခုတည်းပဲ ကွက်လုပ်နေရင် တကယ်မလွတ်မြောက်နိုင်ဘူး။ အားလုံးလွတ်မြောက်ကြမှ လူမျိုးတစ်မျိုးချင်းစီရဲ့ လွတ်မြောက်ရေးက ပိုပြီးအာမခံချက် ရှိမှာဖြစ်တယ်” ဟု ပအိုဝ်းအမျိုးသား ဖက်ရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆက်လက်ပြောသည်။
ယင်းအပြင် ရက္ခိုင်ပြည်လွတ်မြောက်ရေးတွင်သာ ရပ်တန့်မနေဘဲ တစ်နိုင်ငံလုံးရှိ ဗမာအပါအဝင် ဘဝတူအဖိနှိပ်ခံ တိုင်ရင်းသားလူမျိုးအသီးသီး၏ လွတ်မြောက်ရေးတိုက်ပွဲများနှင့် အပြန်အလှန်ဆက်စပ်၍ ပြည်သူလူထုတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှလွတ်မြောက်ရေးအတွက် ULA/AA က နိုင်ငံရေးအမြင်ကျယ်စွာဖြင့် ပူးပေါင်းဆောင်ရွက်နေသည်ကို အထူးပင်ဂုဏ်ယူရကြောင်း ဆိုသည်။
အလားတူ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးကြေညာချက်တွင်လည်း မိမိတို့အားလုံးနှင့် မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားသော ဘုံရည်မှန်းချက်များ ပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ရန်နှင့် စစ်အာဏာရှင် စနစ်ကို တိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည် ဟု ဖော်ပြခဲ့ကြောင်း သိရသည်။
ထိုဖော်ပြချက်နှင့်အညီ ပြည်ထောင်စုတစ်ဝှမ်းလုံးတွင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်းလုံးများနှင့်အတူ လူထုတော်လှန်ရေး၏ အောင်ပွဲအဆင့်ဆင့်ကို ရရှိခဲ့ပြီး စစ်အုပ်စု၏ ရှုံးနှိမ့်မှုများကို ပီပီပြင်ပြင် တွေ့မြင်နေရပြီဖြစ်ကြောင်း ပအိုဝ်းနှင့် မွန်အဖွဲ့များ၏ ပူးတွဲထုတ်ပြန်အရ သိရသည်။
#ရခိုင်ပြည်နယ်အောင်ပွဲ #ဂုဏ်ပြု #စုပေါင်းတိုက်ပွဲဝင် #ပအိုဝ်းနှင့်မွန်အဖွဲ့ #Ayeyarwaddy_Times