ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်တွင် ရခိုင်ပြည်နယ်မှ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီနှင့် အုပ်ချုပ်ရေးအဖွဲ့များက ဖမ်းဆီးခြင်းနှင့် နှင်ထုတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့က ရေကြည်မြို့နယ်မြောက်စမ်းရွာအတွင်းမှ ရခိုင်စစ်ဘေးရှောင်များကို စစ်ဆေးပြီး ရခိုင်တပ်တော် AA နှင့်ပတ်သတ်သည်ဟုဆိုကာ ၁၆ ဦးကိုဖမ်းဆီးသွားကြောင်း သိရသည်။

“အိမ်ထဲထိ၀င်ဖမ်းတာ၊ ရဲနဲ့စစ်သားတွေ အင်အားများတယ် ။ သူတို့ပြောတာတော့ အမြှောက်တပ်နားမှာနေပြီး AA ကိုသတင်းပေးနေတယ်ဆိုပြီး ရေကြည်ရဲစခန်းကို ဖမ်းသွားတာ၊ ခုထိ ပြန်မလွှတ်သေးဘူး”ဟု စစ်ဘေးရှောင်တစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ထို့ပြင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များမှ ရေကြည်မြို့နယ်အတွင်းရှိ ရခိုင်စစ်ဘေးရှောင်များကို ဒီဇင်ဘာ ၂၂ မှ ၂၅ ရက်နေ့အထိ သုံးရက်အတွင်း မြို့နယ်အတွင်းမှ အမြန်ဆုံးရွှေ့ပြောင်းရန် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

လက်ရှိတွင် ငါးသိုင်းချောင်း၊ရေကြည်နှင့် ရွှေသောင်ယံ၊ မကျီးစင်စသည့် ဒေသများတွင် စစ်ကောင်စီမှ ခံစစ်ပြင်ဆင်ခြင်း၊ လက်နက်ကြီးများ နေရာချခြင်း၊ရဟတ်ယာဥ်ကွင်းများဆောက်လုပ်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည့် သတင်းများထွက်ပေါ်လာပြီးနောက် အဆိုပါ နေရာများအနီးတွင် ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင်များကို ပစ်မှတ်ထား ဖမ်းဆီးနှင်ထုတ်ခြင်းများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။

#ရေကြည်မြို့နယ်အတွင်းရှိ #ရခိုင်စစ်ဘေးရှောင်များကို #စစ်ကောင်စီ #ဖမ်းဆီးခြင်း #နှင်ထုတ်ခြင်း ပြုလုပ်နေ
#Ayeyarwaddy_Times