နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ကောင်စီအဖွဲ့ကို စစ်ဘက်၊ အရပ်ဘက် တစ်ဝက်စီပါဝင်ဖွဲ့စည်းမှုဖြင့် ပုံဖော်ထွက်လာခဲ့သော်လည်း စစ်ရှုံးလာသည့်အခါ အပြောင်းအလဲများ အကြိမ်ကြိမ် ပြုလုပ်လာခဲ့သည်ကို စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စစ်ခေါင်းဆောင်သည် လက်ရှိအထိ အာဏာသိမ်း လေးနှစ်နီးပါးအတွင်း တပ်ထိပ်ပိုင်း အပြောင်း အလဲများကို ၎င်း၏ လူယုံတော်များဖြင့် ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။

မကြာသေးမီက ကာကွယ်ရေးဝန်ကြီးရာထူးမှဖယ်ရှားခံရသည် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် စစ်ကောင်စီ၏ ဖွဲ့စည်းပုံတွင် ဖော်ပြထားခြင်းမရှိသေးသည့် စစ်ကောင်စီဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဒုဝန်ကြီးချုပ်ရာထူးဖြင့် ရွှေ့ပြောင်းခြင်းခံခဲ့ရပြီး စစ်ကောင်စီတွင် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူး ကြီးစိုးဝင်အပါအဝင် ဒုတိယဝန်ကြီချုပ် ခြောက်ဦးအထိ ရှိလာခဲ့သည်။

“စိုးဝင်း (ဒုစစ်ခေါင်းဆောင်)ကို နေရာမပေးတဲ့ သဘောပေါ့။ မင်းအောင်လှိုင် (စစ်ခေါင်းဆောင်)ကတော့ လုပ်ချင်သလို လုပ်နေတာပဲ။ စည်းမျဉ်းစည်းကမ်းတွေ ဘာညာကိုလဲ ဂရုမစိုက်တဲ့သူလေ” ဟု လုပ်သက်ရင့် CDM ဗိုလ်ကြီး ဘုဏ်းသိုက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တပ်ချုပ်အပြင် နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးကိုပါ ရယူထားသည့် စစ်ခေါင်ဆောင်သည် ယခင်ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ယခုအခါ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးဟု ထပ်တိုးဖွဲ့စည်းကာ ပထမဆုံး ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် စစ်ကောင်စီ၏ တရားဝင် ပြည်ထောင်စုအစိုးရအဖွဲ့ အမည်စာရင်းတွင်မူ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ထည့်သွင်းထားခြင်းမရှိဘဲ ပြည်ထောင်စုဝန်ကြီးများ စာရင်းတွင်သာ နိုင်ငံတော် ဝန်ကြီးချုပ်ရုံးဝန်ကြီး (ဒုဝန်ကြီးချုပ်)၊ စစ်ကောင်စီ အဖွဲ့ဝင်ဟု ဖော်ပြထားသည်။

“စိုးဝင်းကို အခုအာဏာ မလုနိုင်အောင် နေရာတားထားတာ။ စိုးဝင်းကလည်း လုမယ့်ပုံ မရှိပါဘူး။ သူတို့ ဗိုလ်ချုပ်ကြီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောရရင် ဒီအဆင့်ရောက်မှ မစွန့်စားချင်တော့ဘူး။ အေးအေး ဆေးဆေး ပင်စင်သွားချင်တယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် စစ်တပ် အာဏာသိမ်းပြီးနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်အထိ ကာကွယ်ရေးဝန်ကြီး ဖြစ်လာသူလည်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကာကွယ်ရေးဝန်ကြီးအဖြစ် ၎င်းတာဝန်ယူစဉ်ကာလအတွင်း စစ်ကောင်စီကို မရှုမလှ စစ်ရှုံး စေသော ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ကချင်၊ ရခိုင်၊ မန္တလေးတို့တွင် စစ်ရေး၊ စီးပွားရေး အရ အရေးပါသောမြို့နှင့် တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်မှု ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီ၏ အဓိကတိုင်းစစ်ဌာနချုပ် ၁၄ ခုအနက် ရှမ်းမြောက်ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို လက်လွှတ်ခဲ့ရသော်လည်း ၎င်းအား ရာထူးမှ ဖယ်ရှာခြင်းမပြုခဲ့သလို နောက်ထပ် ရခိုင်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်(နပခ) ကျရှုံးချိန်တွင်မူ အခြားရာထူးကြီးကြီးတစ်ခု အမည်တပ်၍ ပြောင်းရွှေ့ပေးခြင်းခံခဲ့ရသည်။

ထိုသို့ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ်လာသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ထပ်မံခန့်အပ်ခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကော်မရှင်ကို ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်၍ စုစုပေါင်းအဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီး ခုနစ် ဦး၊ ဒုဝန်ကြီး ငါး ဦး၊ ညွှန်ကြားရေးမှူး တစ် ဦး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ အတွင်းရေးမှူး တစ် ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် စစ်ရေးဆုံးဖြတ်ချက် ချမှတ်ရသည့် တပ်ဖွဲ့စည်းပုံအရ အဆင့်သုံးနေရာဖြစ်သော ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့် စစ်တိုင်းမှူးများကိုလည်း ယခုရက်ပိုင်းအတွင်း ထပ်မံအပြောင်းအလဲ ပြု လုပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထိုသို့ တပ်ထိပ်ပိုင်း အပြောင်းအလဲများ ပြုလုပ်ခြင်းသည် စစ်ခေါင်းဆောင်၏ တစ်ကိုယ်တော် ထင်ရာစိုင်းမှုနှင့် ၎င်းတို့ထိန်းချုပ်ထားသော ကျန်ရှိနယ်မြေများ ဆက်ထိန်းနိုင်ရန် ကြိုးစားမက်လုံးပေး စည်းရုံးခြင်းလည်း ဖြစ်သည်ဟု CDM အရာရှိများနှင့် လေ့လာသူတို့က ထောက်ပြသည်။

စစ်ခေါင်းဆောင်၏ ယခုအကြိမ် အပြောင်းအလဲသည် စစ်ရေးအတွေ့အကြုံမရှိသော စစ်ဦးစီး အရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ခန့်အပ်ခဲ့ပြီး ယခင်ညှိကွပ် ဗိုလ်ချုပ်ကြီး မောင်မောင်အေးကိုမူ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့သည်။

ထို့အပြင် စစ်ဦးစီးအရာရှိချုပ်(ကြည်း)နေရာကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ)တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ (နမခ)တိုင်းမှူးနေရာကို တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့အား ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ် ဝေလင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့၍ ၎င်းနေရာအား ဗိုလ်မှူးချုပ် စိုးကျော်ထက်ကို အစားထိုး ခန့်အပ်ခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများအပါအဝင် သတင်းမီဒီယာများ၏ ဖော်ပြချက် အရ သိရသည်။

စစ်ကောင်စီ၏ လက်ရှိပြောင်းလဲ ဖွဲ့စည်းမှုများအရ ဗိုလ်ချုပ်ကြီးအဆင့် ၁၀ ဦးထိရှိလာပြီး ၎င်းတို့မှာ အောင်လင်းဒွေး၊ ရဲဝင်းဦး၊ မြထွန်းဦး၊ တင်အောင်စန်း၊ မောင်မောင်အေး၊ ညိုစော၊ ကျော်စွာလင်း၊ မိုး အောင်၊ ထွန်းအောင်နှင့် ထိန်ဝင်းတို့ဖြစ်ကြောင်း ဧရာ၀တီတိုင်းမ်သတင်းဌာနက ပြုစုထားသော စာရင်းများအရ သိရသည်။

ဗိုလ်ချုပ်ကြီးအဆင့် ၁၀ ဦးအနက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ စစ်ကောင်စီ တွဲဘက်အတွင်းရေးမှူးနှင့် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းတို့သာ စစ်ဖက်ရေးရာ ကိုင်တွယ်ရကြောင်း သိရသည်။

ကျန်ရှိဗိုလ်ချုပ်ကြီး ခြောက်ဦးဖြစ်သော စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး၊ အဖွဲ့ဝင် များဖြစ်သည့် မြထွန်းဦး၊ တင်အောင်စန်း၊ မောင်မောင်အေး၊ ညိုစော(အကြံပေး)နှင့် စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီး ဌာန(၁)ဝန်ကြီး မိုးအောင်တို့မှာ စစ်ကောင်စီ၏ နိုင်ငံရေး၊ စီးပွားရေးများကို တာဝန်ယူ ထားရသည်။

“မင်းအောင်လှိုင်လက်ထက်မှာ ညှိ/ကွပ်ရာထူး ပြောင်းခဲ့တာလည်း လေး ဦးရှိတယ်။ အားလုံးဟာ သူ့တကိုယ်တော် ဆုံး ဖြတ်နေတာချည်းပဲ။ ရလဒ်ကတော့ မြင်တဲ့အတိုင်းပဲ။ ဘာမှထူးမလာဘူး။ ဗိုလ်ချုပ်ကြီးတွေ ဖောင်းပွနေတဲ့ တပ်မတော်ပဲ။ ထင်ရာလုပ်တာပါ” ဟု စစ်ရေးအကဲခတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်လည်း ခြောက်ဦးထိ ရှိလာပြီး ၎င်းတို့မှာ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ဖြစ်သည်။

#ဒုစစ်ခေါင်းဆောင် #ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင် #ဒုတိယဝန်ကြီးချုပ်များ #ဗိုလ်ချုပ်ကြီးများ #ဖောင်းပွ #စစ်ကောင်စီ #Ayeyarwaddy_Times