
ဧရာဝတီတိုင်းမ်
(ချင်း)၊ ဒီဇင်ဘာ ၂၃ ရက်
ချင်းပြည်နယ်၏ မြို့နယ်အများစုတွင် ကုန်စည်ပြတ်လပ်မှုကြောင့် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါကုန်ဈေးနှုန်းမြင့်တက်ရခြင်းသည်ချင်းပြည်နယ်ဘက်သို့ တင်သွင်းမည့် ကုန်စည်များကို စစ်ကောင်စီက ပြည်မဘက်တွင် ကန့်သတ်ပိတ်ပင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ လုံခြုံရေးနှင့် အခွန်ကိစ္စများလည်းပါဝင်ကြောင်းသိရပြီး ပြည်မထက် ကုန်ဈေးနှုန်းနှစ်ဆခန့်မြင့်တက်နေကြောင်း သိရသည်။
“အာဏာသိမ်းခါစကနေ ကုန်ဈေးနှုန်းစတင်မြင့်တက်လာတာပေါ့။ အခုဆိုရင် ကုန်ဈေးနှုန်းမြင့်တက်ရုံတင်မကဘူး၊ ကုန်စည်ပြတ်လပ်မှုတွေလည်း ကြုံရတယ်။ တခါတလေမြို့ထဲမှာ ကြက်ဥတွေလည်း ဝယ်မရတဲ့ အခြေအနေကြုံနေရတယ်။ အရင်တုန်းကတော့ ကုန်တင်ယာဥ်အဝင်/အထွက်နည်းနည်းရှိသေးတယ်။ တပတ်မှာ ငါးစီး၊ ခြောက်စီးပေါ့။ အခုတော့ တပတ်မှာ လုံးဝမဝင်လာတာလည်းရှိတယ်” ဟု မတူပီမြို့နယ်၊ ရေဇွာမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် ကုန်ပစ္စည်းပြတ်လပ်မှုကို ပိုမိုကြုံတွေ့နေရကြောင်းသိရပြီး ဒေသခံတချို့က အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ဘက်မှ ကုန်ပစ္စည်းတချို့ကို ဝယ်ယူနေရကြောင်းသိရသည်။
လက်ရှိတွင် ချင်းပြည်နယ်တဝှမ်းတွင် မြို့သိမ်းတိုက်ပွဲများကို ချင်းတော်လှန်ရေးအင်အားစုများက ဆင်နွှဲလျှက်ရှိပြီးလုံခြုံရေးအခြေအနေကြောင့် ကုန်တင်ယာဉ်ဝင်ရောက်မှုနည်းပါးလာကြောင်းသိရသည်။
ဓာတ်ပုံ-မင်းတပ်မြို့နှင့် မတူပီမြို့(ပုံဟောင်း)။
#ချင်းပြည်နယ် #ကုန်စည်ပြတ်လပ် #ကုန်ဈေးနှုန်း #အဆမတန်ဈေးမြင့်တက် #Ayeyarwaddy_Times