ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နှင့် ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားသည့် တီးတိန် – ရိဒ် လမ်းကို CDF – Hualngoram က ဦးဆောင်ပြီး ပြုပြင်ဆောင်ရွက်ပေးနေကြောင်း CDF-Hualngoram တာဝန်ရှိသူထံက သိရှိရသည်။

မြန်မာ – အိန္ဒိယ အမှတ် ၂ နယ်စပ် ကုန်သွယ်ရေးတည်ရှိသည့် ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားသော တီးတိန် – ရိဒ် ကားလမ်းသည် ဒေသတွင်း ကုန်သွယ်ရေးစီးဆင်းမှု အလွန်အရေးကြီးသည့်အတွက် ဦးစားပေး ပြုပြင်ဆောင်ရွက်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ အဲ့ဒီလမ်းကို တောက်လျောက် ပြင်နေပါတယ်။ အခု ပွင့်လင်းရာသီရောက်ပြီဆိုတော့ လုပ်ငန်းတွေ ပြန်စတင်တဲ့ သဘောပါ။ အဓိက ကုန်သွယ်စီးဆင်းမှု နဲ့ ဒေသတွင်း အကျိုးပြုမယ့် လမ်းတွေကို ဥဦးစားပေးဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု CDF – Hualngoram တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တီးတိန် – ရိဒ် ကားလမ်းကို CDF – Hualngoram မှ ဦးဆောင်ပြီး ချင်းပြည်အစိုးရက မတည်ငွေပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်းများက အလှူငွေထည့်ဝေခြင်း စသည့်အလှူငွေများဖြင့် ပြုပြငါဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိ အဆိုပါလမ်းကို သိန်းတစ်ထောင်ကျော် ကုန်ကျပြီး ဆောင်ရွက်နေပြီဖြစ်သော်လည်း လမ်းသည် ကြီးကြီးမားမား ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ၊ ပြည်သူများအနေဖြင့် တက်နိုင်သလောက် ကူညီပေးရန် CDF-Hualngoram က တောင်းဆိုထားသည်။

တီးတိန် – ရိဒ် လမ်းသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့်ကိစ္စရပ်များတွင် ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်သည် အားထားပြီး အသုံးပြုသည့်လမ်းဖြစ်သည့်အတွက် အလွန်အရေးကြီးသည့် လမ်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဒီဘက်မှာထွက်တဲ့ ကုန်စည်တွေကို နယ်စပ်မှာ သွားရောင်းတယ်။ နယ်စပ်ဘက်က ကုန်ပစ္စည်းတွေကိုလည်း ဝယ်ယူပြီး ကိုယ့်ဒေသတွင်း ပြန်လည်ရောင်းချနေရတာလည်းရှိတယ်။ အဲ့ဒီအတွက် တီးတိန် – ရိဒ် လမ်းဟာ ကုန်သွယ်ရေးအတွက် အရမ်းအရေးကြီးတယ်။ လူမှုရေးဖြစ်ဖြစ်၊ ကျန်းမားရေးဖြစ်ပေါ့။ အဲ့ဒီလမ်းကို အသုံးပြုပြီး မီဇိုရမ်ဘက်သွားဖြေရှင်းတာတွေရှိတယ်” ဟုတီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် ရိဒ်ခေါဒါရ်မြို့ကို ချင်းပြည်အစိုးရ လက်အောက်ရှိ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရိဒ်ခေါဒါရ်မြို့ကို CDF-Hualngoram နှင့် ချင်းပြည်အစိုးရတို့က ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်ပြီး ထိန်းချုပ်ထားသည်။

ပုံစာ – တီးတိန် – ရိဒ် ဆက်သွယ်ထားသည့် လမ်းကို ပြုပြင်ဆောင်ရွက်နေသည် တွေ့ရစဥ်။ (ဓာတ်ပုံ – ပေးပို့)

#တီးတိန် #ရိဒ် #ဆက်သွယ်ထားသည့်လမ်း #CDF – Hualngoram #ပြုပြင်ဆောင်ရွက်ပေး #Ayeyarwaddy_Times