ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဒီဇင်ဘာ ၂၂ ရက်)
“မိသားစုထမင်းစားပွဲဝိုင်း” ဆိုတဲ့ အသံကို ကြားလိုက်ရတာနဲ့ ရင်ထဲမှာ နွေးထွေးတဲ့ ခံစားမှုကို ရလိုက်ကြမှာပါ။
စစ်တပ်ရဲ့ အဓမ္မ အာဏာသိမ်းယူမှုကြောင့် မိသားစုတွေတစ်ကွဲတစ်ပြားစီ ဝေးကွာကြရတဲ့ ကျွန်တော်တို့တွေအတွက် မိသားစုတွေနဲ့ ထမင်းအတူတူစားရခြင်းဆိုတာ အန်မတန်အဖိုးထိုက်တဲ့ ဆုလာဘ်တစ်ခု အဖြစ်မှတ်ယူရမလို ဖြစ်နေခဲ့ရပါပြီ။
မိသားစုထမင်းစားပွဲဝိုင်းကို ကြည့်ပြီး အိမ်ရဲ့ကျန်းမာရေး၊စီးပွားရေး၊ပညာရေး အခြေအနေတွေကို မှန်းဆနိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးအများစုရဲ့ ထမင်းဝိုင်းမှာ ပါဝင်လေ့ရှိကြတာတွေကို အကြမ်းဖျင်း မှတ်တမ်းတင်ကြည့်ရရင် ထမင်းခူးခပ် ထားတဲ့ပန်းကန်တွေ၊ အတို့ အမြုပ်ဖွယ်ဖွယ်ရာရာနဲ့ငါးပိရည်တစ်ခွက်၊ အရည်သောက်ဟင်းချို၊ ဟင်းရည်ခွက်ကြီးတစ်ခုနဲ့ အသား၊ငါး၊ပဲ၊ဥ၊ဟင်းသီး ဟင်းရွက်စတဲ့အဓိကဟင်းလျာတစ်ခွက် နှစ်ခွက် တော့ပါဝင်ကြပါတယ်။
မိသားစု ထမင်းစားပွဲအနီးမှာ ရေဇလုံဖြင့် လက်ဆေးရေခပ်ထားတတ်ပါတယ်။ လက်ဖက်ရည်ရေနွေးကြမ်း ထန်းလျက်ဘူးတွေကိုလည်း ထမင်းစားပွဲဝိုင်းပေါ်မှာတွေ့ရတတ်ပါတယ်။ ဒါတွေက သာမန်ရိုးကျ ထမင်းဝိုင်းလေးတစ်ခု ဖြစ်ပါတယ်။
#စီးပွားပျက်ကပ်နှင့်မီးဖိုချောင်
အညာဒေသအပါအဝင် နိုင်ငံနှင့်အဝှမ်း ပြည်သူအများစုက စိုက်ပျိုးရေးလုပ်ကိုင်ကြပါတယ်။ ဆန်စပါးခင်း ကြက်သွန်ခင်း ပဲခင်း ကိုင်းကျွန်းဥယျာဉ်မြေများ နှင့် စိုက်ပျိုးမြေများရှိရာရွာတွေကို စစ်ကြောင်းထိုး ရွာတွေမီးရှို့ဖျက်စီးခြင်းကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေအထွက်ကျဆင်းလာပြီး စီးပွားပျက်ကြရပါတယ်။
စစ်အာဏာသိမ်းလိုက်ခြင်းကြောင့် စီးပွားကျဆင်းသွားတဲ့ ပြည်သူတွေမှာ ကျပ်တည်းဆင်းရဲလာကြပါတယ်။ ထမင်းစားပွဲဝိုင်းတွေလည်း အရင်လိုဖွယ်ဖွယ်ရာရာ မဖြစ်ကြတော့ပါဘူး။ ဆန်စျေးကြီးလာတာကြောင့် ဆန်ကြမ်းတွေစားနေကြရသလို အချို့ ထမင်းစားပွဲဝိုင်းလေးတွေဟာ ချို့ချို့တဲ့တဲ့မျက်နှာငယ်လာကြပါတယ်။
လျှပ်စစ်မီးပြတ်တောက်ချိန် များလွန်းတာကြောင့် ထမင်းပေါင်းအိုးတွေအနားရသွားပြီး ထင်းမီးသွေးတို့ကို သုံးနေရကာ ဒန်အိုးများနဲ့သာ ထမင်းငှဲ့ချက်နေရပါတော့တယ်။ ဆင်းရဲခြင်းလောကဓံကြောင့် မိသားစုအချို့မှာ ထမင်းပန်းကန်တွေလူအစုံစာ မချနိုင်တော့ဘဲ ထမင်းရည်ကိုသောက်ပြီး အနစ်နာခံ နေရတဲ့ မိသားစုဝင်အချို့လည်း ပေါ်လာခဲ့ရပါပြီ။ အချို့အရပ်တွေမှာ ဆန်ကွဲကိုပင်စားနေရပြီး အစာအဟာရမဖူလုံတော့ဘဲ အငတ်ဘေးကို လူတွေ စတင်ခံစားနေရပါပြီ။
#ကျန်းမာရေးနဲ့ညီညွတ်သောထမင်းဝိုင်း
ကျန်းမာရေးနဲ့ညီညွတ်တဲ့ထမင်းဝိုင်းလေးဖြစ်ဖို့ဆိုလျှင် စားပွဲခုံက သန့်ရှင်းနေရပါမယ်။ စားပွဲဝိုင်းပေါ်မှာ ဟင်းရည် အဆီ ငါးပိရည်တွေ ဖိတ်ကျခြင်းကြောင့် အဖြူရောင်အကွက်ကွက်ကလေးတွေ လိုက်နေတာက မှိုတက်နေတာဖြစ်ပါတယ်။
ဒီလိုမှိုတက်နေတာကကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ ဒါကြောင့်စားပွဲကို ရေဆေးပြီး နေရောင်ပြကာ ခြောက်ခြောက်သွေ့သွေ့ထားရပါမယ်။ ပလက်စတစ်စားပွဲခင်း ပိတ်သားချည်စားပွဲခင်း စတဲ့စားပွဲခင်းတွေအသုံးပြုတာလည်း အမြင်တင့်တယ်သလိုသန့်ရှင်းရေးလုပ်ရလွယ်ကူစေပါတယ်။ ထမင်းစားချိန်ကလွဲပြီး ကျန်အချိန်တွေမှာ အစားအသောက်များကိုစနစ်တကျသိမ်းဆည်းပြီး စားပွဲဝိုင်းကို ထောင်ထားသင့်ပါတယ်။
ပေကျံသွားတဲ့အရာတွေကို သန့်ရှင်းပေးဖို့ လက်သုတ်ပုဝါ၊ တစ်ရှူးစက္ကူ စတာတွေကိုလည်း ထမင်းစားပွဲဝိုင်းမှာချထားရပါမယ်။ လက်သုတ်ပုဝါများကိုလည်း အနံ့ဆိုးများ စွဲနေတဲ့အထိ မသုံးသင့်ပါဘူး။ ဆီစွန်းထင်းသွားသော လက်သုတ်ပုဝါများကို လျှော်ဖွတ်သန့်စင်ပြီး ပြန်လည် အသုံးပြုနိုင်ပါတယ်။ မကြာခဏလဲလှယ်ပေးသင့်ပါတယ်။
ဆီတို့ဖူး၊ ရှမ်းချဉ်၊ ငါးပိချက်၊ ငါးပြာရည်ကြော်၊ ပဲငပိကြော် ငါးနီတူးကြော်၊ ပုစွန်ခြောက်ထောင်းကြော်၊ ဘာလချောင်ကြော်၊ မြေပဲကြော်စတဲ့ အခြောက်အခြမ်းအကြော်လှော်တွေကို ဖန်ပုလင်းတွေနဲ့ ထည့်ပြီး တစ်ပတ်နှစ်ပတ်စားတတ်ကြပါတယ်။
အစားအသောက်များရေရှည်ခံအောင် ပြုပြင်ပြီးစားတာကို သတိထားဆင်ခြင်သင့်ပြီး မကောင်းတော့ပါကစွန့်ပစ်ကြပါ။ နှမြောစာဆိုပြီး မစားသင့်ပါဘူး။ မှိုတက်ခြင်းကြောင့်ဖြစ်လာတတ်တဲ့ နောက်ဆက်တွဲ အသည်းကင်ဆာရောဂါကို ကြောက်ရွံသင့် ပါတယ်။ အစာအဆိပ်သင့်ခြင်းဖြစ်ပါကလည်း အသက်အန္တရာယ်ထိစိုးရိမ်ရတတ်ပါတယ်။
အချဥ်လွန်သွားသော ချဉ်ဖတ်တွေ ၊ အမှည့်လွန်သွားသောအသီးအနှံတွေ ၊ ရော်ရည်ထွက်ပျက်စီးခါနီး ဟင်းရွက်တွေ၊ မလတ်ဆတ်သော ပုပ်သိုး အသာတွေကို စားသောက်ပါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းစားပွဲဝိုင်းလေး ဖြစ်လာမှာမဟုတ်တော့ပါဘူး။ မိသားစုကျန်းမာရေးသည်သာ အခရာကျတာကြောင့် ထမင်းစားစားပွဲလေးပေါ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ ချစ်ခြင်းမေတ္တာယှဥ်လျက် တည်ခင်းပြင်ဆင်ပေးရပါမယ်။
#ပညာဆင်ခြင်တုံတရားနှင့်ထမင်းစားပွဲဝိုင်း
ထမင်းစားပွဲဝိုင်းကိုကြည့်ပြီး အစားအသောက်ပြင်ဆင်ချက်ပြုတ်သူရဲ့ ပညာဆင်ခြင်တုံတရားကို မှန်းဆနိုင်ပါတယ်။ အမျိုး သမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ အမြဲပြောနေကျစကားတစ်ခွန်း ရှိပါတယ်။”ပညာတတ်အိမ်ရှင်မကြောင့် တစ်အိမ်သားလုံးကျန်းမာသည်”တဲ့။ ကျွန်တော်တို့နိုင်ငံမှာလည်း အမျိုးသမီးများ အိမ်ထောင်တာဝန်ထမ်းဆောင်တဲ့အခါ မီးဖိုချောင်ကိုအပိုင်စားရပြီး ချစ်ခြင်းမေတ္တာကို ထမင်းစားပွဲဝိုင်းပေါ်မှာဖော်ကျူးကြပါတယ်။
သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ဝေဒနာသည်များ ရှိနေတဲ့အိမ်မှာ အိမ်ရှင်မတို့က ကျန်းမာရေးကိုဆိုးရွားစေမယ့် မတည့်တဲ့အစားအသောက်များကို ဖယ်ရှားရှောင်ခွာချက်ပြုတ်ရပါတယ်။ သားသမီးရတနာထွန်းကားလာပါကလည်း ကလေးသူငယ်များကောင်းမွန်စွာဖွံ့ဖြိုးဖို့အတွက် ကျန်းမာရေးနဲ့အညီ အာဟာရပြည့်ဝစွာစားနိုင်ဖို့ ချက်ပြုတ်ရပါတယ်။
ပိုက်ဆံချမ်းသာမှ ထမင်းစားပွဲဝိုင်းလေးကျန်းမာရေးနဲ့ညီညွတ်မယ်လို့တွေးရင်တော့မှားပါတယ်။ လူခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရအုပ်စုများကို နားလည်သဘောပေါက်ပြီး ချက်ပြုတ်ကျွေးဖို့အတွက် ချမ်းသာဖို့မလိုပါဘူး။ အိမ်ရှင်မဉာဏ်အမျှော်မြင်ကြီးဖို့နဲ့ပညာ ဆင်ခြင်တုံတရားပြည့်နေဖို့သာ လိုအပ်ပါတယ်။
ဝမ်းပျက်ဝမ်းလျောခြင်း ၊ အစာအဆိပ်သင့်ခြင်း ကဲ့သို့ အစားအသောက်မှကူးစက်တဲ့ရောဂါများ ကင်းရှင်းစေဖို့၊ အာဟာရမပြည့်ဝခြင်း၊ အဝလွန်ခြင်း တွေမဖြစ်စေဖို့ ကျန်းမာရေးအမြင် ကောင်းမွန်စွာရှိတဲ့ အိမ်ရှင်မကိုလိုအပ်ပါတယ်။ အိမ်ထောင်ရှင်မတွေ ပညာတတ်ဖို့၊ ဆင်ခြင်တုံတရားရှိဖို့နဲ့ စာဖတ်ဖို့ကလည်း လိုအပ်ပါတယ်။
နေ့စဉ်အာဟာရအတွက် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ် တွေမျှမျှတတလိုအပ်ပါတယ်။ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ နို့နှင့်နို့ထွက်ပစ္စည်း ပဲအမျိုးမျိုး တို့မှာ အသားဓာတ် ပရိုတိန်း ပါဝင်ပါတယ်။ ကြီးထွားဖွံ့ဖြိုး အားအင်ရှိစေဖို့အသားဓာတ်လိုအပ်ပါတယ်။
နေ့စဉ်အဓိကထားစားသောက်နေရတဲ့ ထမင်းမှာကစီဓာတ်ပါဝင်ပါတယ်။ အာလူး၊ ကန်စွန်းဥ၊ ဂျုံ စတဲ့အစားအသောက်တွေလည်း စားပေးနိုင်ပါတယ်။
ဆီကိုလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးရွက်ဆီ၊ နေကြာဆီ ၊ ပဲပိစပ်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ တို့ကို အသုံးပြုနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်မသင့်လျော်တဲ့ တိရစ္ဆာန်အဆီ၊ စာအုန်းဆီ၊ ပြန်ကြော်ဆီတွေကို ရှောင်ရှားရပါမယ်။
ဝမ်းချုပ်သူမိသားစုဝင်များရှိပါက ဝမ်းမှန်မှန်သွားစေဖို့ အမျှင်ဓာတ်များများပါတဲ့ အစားအစာ၊ အစိမ်းရောင်အရွက်များ စတဲ့အစားအသောက်များ ရွေးချယ်တတ်ဖို့ လုံလောက်တဲ့အသိပညာရှိတဲ့ အိမ်ရှင်မကောင်းတွေလိုအပ်ပါတယ်။
#ကျန်းမာရေးနှင့်အညီခူးခပ်ပြင်ဆင်ခြင်းဓလေ့
မြန်မာတို့သဘောသဘာဝအရ ဟင်းရည်ပန်းကန်လုံးကြီး ဟင်းရည်ဇလုံကြီးကို ထမင်းဝိုင်း အလယ်မှာချပြီး ဟင်းရေခပ်ယောက်ချို ဇွန်း ချပြီး လက်ရည်တပြင်တည်း မျှဝေစားသုံးတတ် ကြပါတယ်။ စားသုံးကြသူအချင်းချင်း ဇွန်းအတူတူ သုံးကြပါတယ်။ တစ်ခါတစ်လေလက်နဲ့ဟင်းကို နှိုက်ပါတယ်။ တစ်ဦးထမင်းပန်းကန်ထဲမှစားစရာကို နောက်တစ်ယောက်ပန်းကန်ထဲ ထည့်ပေးတတ်ပါတယ်။
ချစ်စရာအလေ့အထလို့ ယူဆနိုင်ပေမယ့် ကျန်းမာရေးရှူထောင့်မှကြည့်ရင်တော့ မကောင်းပါဘူး။ ကိုယ်ပိုင်ပန်းကန်အတွင်းမှ ယူထားပြီးစားစရာများကိုအခြားလူကိုမမျှဝေပေးသင့်ပါဘူး။ ထမင်းစားပွဲမှာရှိတဲ့ လူဦးရေအတိုင်း ဟင်းရည်သောက်ခွက်နဲ့ ဇွန်းများပြင်ဆင်ပြီး ကိုယ့်ဟင်းရည်ခွက် ကိုယ်သီးသန့် စားသုံးသင့်ပါတယ်။ မိမိပါးစပ်နဲ့ ထိတွေ့ထားတဲ့ဇွန်းကို မိမိတစ်ယောက်သာ အသုံးပြုသင့်ပါတယ်။ သောက်ရည်ခွက်၊ ရေနွေးကြမ်းခွက်တွေကိုလည်း ကိုယ်ပိုင်သတ်မှတ်ပြီး သောက်သုံးသင့်ပါတယ်။
#အစားမစားမီလက်ဆေးခြင်းအလေ့အထအမှန်
ထမင်းမစားမီ လက်ဆေးရေဇလုံးထဲကို လက်နှစ်လိုက်ခြင်းက လက်ဆေးခြင်းမဟုတ်ပါဘူး။ ချေး(ဂျီး)နှူးလိုက်ခြင်းသာဖြစ်ပါတယ်။ ဒီအတိုင်သာ အစားအသောက်ကိုစားလိုက်ပါက လက်တွင်ရှိသမျှ ညစ်ညစ်ပက်ပက်ချေးညှော်များက ပါးစပ်အတွင်းကို ဝင်သွားပါတော့မယ်။
ဒါကြောင့်အစာမစားမီ လက်ကိုစင်ကြယ်စွာဆေးရပါမယ်။ လက်ကိုဆပ်ပြာအသုံးပြုပြီး အမြုပ်ထသည် အထိ အချိန်အနည်း ဆုံး စက္ကန့် နှစ်ဆယ် ပေးကာဆေးကြောရပါမယ်။ ထမင်းစားပွဲနားမှာ လက်ဆေးရည်ဇလုံးထားတာက တကယ့်ကိုအကြည်းတန်စေတာကြောင့် ကျန်းမာရေးနဲ့အညီ အစာမစားမီ သေသေချာချာလက်ဆေးကြပါ။
#အစားအသောက်စနစ်တကျသိမ်းဆည်းခြင်း
အခုချက်သမျှစားစရာ တစ်ခါတည်းကုန်အောင်စားပါ။ လိုသလောက်ပဲချက်ပါ။ အများအပြား ပိုလျှံအောင်ချက်ပြီး အထပ် ထပ်နွေးစားခြင်းက ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ ရေရှည်ခံအခြောက် အခြမ်းများကိုလည်း ပမာဏနည်းနည်းသာ ကြော် လှော်ချက်ပြုတ်ပြီး ရက်တိုအတွင်း ကုန်အောင်စားပါ။ စားမကုန်သော အစားအသောက်များကို ရေခဲသေတ္တာ အအေးခန်းတွင်ခဲပြီး သိမ်းပါ။နောက်တခေါက် စားခါနီးမှပူနွေးအောင်နွှေးပြီးပြန်စားပါ။
စစ်အာဏာရှင်ကိုတော်လှန်ဖို့ အိမ်နဲ့ခွဲခွာနေရတဲ့သူရဲကောင်းတွေ ၊ မတရားစစ်မှုထမ်းဥပဒေကြောင့် ထွက်ပြီးနေရတဲ့လူငယ်တွေ ၊ စစ်ကောင်စီဖမ်းလို့ ပြည်ပတိမ်းရှောင်နေရသူတွေ အပါအဝင် အိမ်နဲ့ ဝေးနေကြသူ မြန်မာပြည်သူပြည်သားတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မိသားစုထမင်းစားပွဲဝိုင်း လေးတွေမှာ အမြန်ဆုံး မိသားစုစုံစုံညီညီ ထမင်းလက်စုံစားနိုင်ကြပါစေကြောင်း ဆုတောင်း ပေးလိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ ဆောင်းရာသီမှာကြုံရတဲ့အသားအရေ အခြေအနေတွေအကြောင်း တင်ဆက် ပေးမှာဖြစ်ပါတယ်။
ဧရာဝတီတိုင်မ်း သတင်းမီဒီယာကို စောင့်မျှော်အားပေးနေတဲ့ ပရိသတ်များ အားလုံးလည်း ကျန်းမာသုခပြည့်စုံပြီး ဝေဒနာတွေကင်းရှင်းပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #မိသားစုထမင်းစားပွဲဝိုင်းလေး#ကျန်းမာပါစေကြောင်း #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)