
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ရက်
စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မည် ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့ ဒီဇင်ဘာ ၂၁ရက်က ထုတ်ပြန်သည်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား မည်သို့ပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သား သစ်များဖြင့် ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေသော စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်းမှ ထွက်ပြေးနေကြကြောင်း AAက ဆိုသည်။
“ခမရ ၅၆၂ထဲက စုပြီး ခံစစ်ဆင်နေတဲ့ တပ်ဖွဲ့တွေ ထက်ဝက်ကျော်တယ် ထွက်ပြေးတာ။ သူတို့ကို AAက လိုက်ပစ်တော့ ရွာတွေထဲဝင်ပြေးလို့ တိုက်ပွဲက ကျယ်ပြန့်နေတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ကြောင့် စစ်ရှုံး စစ်ကောင်စီတပ်သည် ဂွမြို့ရှိ ကျေးရွာများ နှင့် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က အဆက်မပြတ် လိုက်လံစစ်ဆင် တိုက်ခိုက်လျက် ရှိသောကြောင့် ဂွတိုက်ပွဲသည်လည်း နေ့စဉ်ရက်ဆက် ပြင်းထန်လျက်ရှိကြောင်း သိရသည်။
AA သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက်ကလည်း ဂွအခြေစိုက်တပ်ရင်းနှစ်ခုအနက်မှ စစ်ကောင်စီ၏ ခမရ ၅၆၃တပ်ရင်းကို သိမ်းပိုက်ပြီး ခမရ ၅၆၂ တပ်ရင်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ရက် နှင့် ၁၈ ရက်နေ့များတွင် ဂွမြို့နယ်၊ အလယ်ရွာကို မီးရှို့ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့တွင်လည်း နံနက် ၇ နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီ၏ ထိုသို့ မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ ပြည်သူလူထု၏ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရကြောင်း AAက က ဆိုသည်။
စစ်ရှုံး စစ်ကောင်စီ၏ ယခုကဲ့သို့သော စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော်(AA) အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများ နှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်း AA က အသိပေး ထုတ်ပြန်ထားသည်။
#ဂွ #စစ်ကောင်စီ #ကစဉ့်ကလျား #ထွက်ပြေး #မြို့ကိုလက်လွှတ်ရ #Ayeyarwaddy_Times