ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၂ ရက်

ဧရာဝတီတိုင်းအတွင်းရှိ ကမ်းခြေများဖြစ်သည့် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့တွင် နှစ်သစ်ကူး ရုံးပိတ်ရက်ကာလများအတွက် ဒီဇင်ဘာလ တတိယပတ်မှစတင်ပြီး ဟိုတယ်အခန်းများ အားလုံးဘိုကင် (Hotel booking) ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသိုင်းဝိုင်းမှ သိရသည်။

ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့တွင် စုစုပေါင်း ဟိုတယ်လိုင်စင်ဖြင့်ဖွင့်လှစ်ထားသည့် ဟိုတယ်စုစုပေါင်း ၃၀ ကျော်ရှိပြီး အားလုံးအခန်းဘိုကင်ပြည့်နေပြီဖြစ်ကာ ဧည့်သည်များ လာရောက်လည်ပတ်မှုသည် နှစ်ကူးရုံးပိတ်ရက်များတွင် ပုံမှန်နှစ်စဉ်လာလေ့ရှိသည့်အတိုင်းသာ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ ချောင်းသာမှာက နှစ်တိုင်းဒီရက်ဆို ဧည့်သည်ပြည့်ပါတယ်၊ တချို့ဆို အခန်းမရတော့တို့ ဘုန်းကြီး ကျောင်းတို့ ရွာထဲက အိမ်တို့ ငှားပြီးနေရတာတွေတောင် ရှိတယ်”ဟု ချောင်းသာမြို့ခံ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့တွင် နှစ်စဉ် သီတင်းကျွတ်၊ နှစ်သစ်ကူး၊ သင်္ကြန်နှင့် ရုံးပိတ်ရက် ရှည်များတွင် တည်းခိုခန်းများနှင့် ဟိုတယ်များ အခန်းပြည့်လေ့ရှိကြောင်း ၎င်းမှဆက်လက် ပြောဆိုသည်။

ဧည့်သည်အလာများသည့် ယခုလိုမျိုးရာသီတွင် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများရှိ တည်းခိုခန်းနှင့် ဟိုတယ်များ၏ အခန်းခစျေးနှုန်းမှာ ပုံမှန်ထက် နှစ်ဆ မြင့်တက်သွားကြောင်း ဒေသခံများထံက သိရသည်။

“ဒေသခံတွေကလည်း အခုရက်ပိုင်းကိုပဲ အားထားပြီး စျေးရောင်းရတာ။ ဧည့်သည်အလာများရင် စျေးရောင်းကောင်းတယ်။ ဘာပဲရောင်းရောင်း အားလုံးရောင်းကောင်းတယ်။ အဲ့လိုမျိုးပဲ အခန်းခ တွေကလည်း အရင်က ပုံမှန်တစ်သိန်းခန်းဆို အခုရက် နှစ်သိန်း အဲ့လိုမျိုးဖြစ်သွားတာ။ အဲ့လို ဖြစ်သွားလည်း အခုရက်က အခန်းပြည့်တာပဲ”ဟု ချောင်းသာဒေသခံ ဈေးရောင်းချသူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ဂွမြို့နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခုနှစ်ကူးရုံးပိတ်ရက်တွင် ဧည့်သည်များထိတ်လန့်၍ လာရောက်ခြင်းမရှိမည်ကို ဒီဇင်ဘာလဆန်းပိုင်းအတွင်းက စိတ်ပူခဲ့သော်လည်း လလယ်လောက်မှ စတင်ကာ အခန်းများပြည့်သည်အထိ ဧည့်သည်လာရောက်လည်ပတ်မှုရှိနေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

#ဂွမြို့နယ် #တိုက်ပွဲပြင်းထန် #ချောင်းသာငွေဆောင် #ကမ်းခြေများ #နှစ်ကူးရုံးပိတ်ရက် #ဟိုတယ်ဘိုကင်ပြည့် #Ayeyarwaddy_Times