ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ ဒီဇင်ဘာ ၂၂ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်မြို့ပြင်ရှိ အောင်သပြေဂူကုန်းပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

အောင်သပြေကုန်း စစ်ကောင်စီစခန်းတွင် အင်အား ၁၅ ဦး ရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ပြီး ကျန် လေး ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည့်ပတွက် စခန်းတစ်ခုလုံးရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ချေမှုန်းရရှိခဲ့ခြင်း ဖြစ် ကြောင်း KNDF ထံက သိရသည်။

သေဆုံးသူများထဲတွင် စစ်ကောင်စီတပ်အရာရှိနှစ်ပွင့်ဗိုလ်တစ်ဦး အပါအဝင် တပ်ကြပ်တစ်ဦး ပါဝင်ကြောင်း သိရပြီး အရှင်ဖမ်းမိသည့် သုံ့ပန်းများမှာ ခမရ-၅၃၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

“အဲ့ဒီစခန်းက မြို့ပြင်မှာရှိတဲ့ မြို့ကိုသူတို့(စကစ)ဘက်ကထိန်းချုပ်နိုင်ဖို့အတွက် ထားထားတဲ့ကုန်း စခန်းတစ်ခုပဲဖြစ်တယ်။ အရှင်ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေမှာ များသောအားဖြင့်တော့ စစ်မှုမထမ်း မနေရဥပဒေနဲ့ ပါလာတဲ့သူတွေဖြစ်တယ်” ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီထံမှ လက်နက် ၁၂ လက်ကို သိမ်းဆည်း ရမိခဲ့ပြီး ၎င်းတို့မှာ MA-1 ခုနစ် လက်၊ MA-11 လေး လက်၊ MA-3 တစ် လက်တို့ ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး လက်မောင်းရှပ်ထိ(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗျူဟာအမှတ်-၂၊ KNDF တပ်ရင်းအမှတ်-၂၊ KNDF တပ်ရင်းအမှတ်-၁၄၊ KNDF UAV နှင့် Loikaw PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – မုဆိုး – TheHunter
#ကရင်နီ #လွိုင်ကော် #စစ်ကောင်စီစခန်း #စခန်းသိမ်းတိုက်ပွဲ #KNDF #PDF #Ayeyarwaddy_Times