
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
တရုတ်နိုင်ငံမှ ဖောက်လုပ်ရန် စီစဥ်နေသော မူဆယ်-မန္တလေး မီးရထားလမ်းကြောင်းတစ်လျှောက် မြို့များကို စစ်ကောင်စီက ပစ်မှတ်ထား၍ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၀၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် (SHRF)၏ ထုတ်ပြန်ချက် အရ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ သီပေါ၊ မိုင်းရယ်၊ သိန္ဓီ၊ လားရှိုး၊ ကွမ်းလုံ၊ နောင်ချို၊ နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ စုစုပေါင်း ၉ မြို့နယ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ တို့တွင် ပြီးခဲ့သည့် နှစ်လအတွင်း စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SHRF က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုဒေသများသည် စစ်ခေါင်းဆောင်နှင့် တရုတ်ဝန်ကြီးချုပ် Li Qiang တို့ တွေ့ဆုံခဲ့သော တရုတ်ခရီးစဉ်ပြီးနောက် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းအား စတင်အကောင် အထည်ဖော်ရန် ကြေညာထားသော နေရာများလည်းဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ စီမံကိန်းရှိတဲ့ မြို့တွေမှာ သူတို့အနေနဲ့ ဒီလိုပုံစံမျိုး ခြိမ်းခြောက်မှု လုပ်နိုင်တယ် ဆိုတာကို တရုတ်ကို ပြချင်တာပေါ့နော်။ တရုတ်အနေနဲ့ သူတို့နဲ့ ညှိနှိုင်းဖို့၊ သူတို့ဘက်ကနေ ရပ်တည်ပေးဖို့ လုပ်လာတယ်လို့ မြင်ပါတယ်” ဟု SHRF ပြောခွင့်ရ ယိင်းလျန်းဟန်က ဧရာဝတီတိုင်းမ် ကို ပြောသည်။
လက်ရှိတွင် ယင်းမြို့နယ်အများစုကို တော်လှန်ရေး တပ်ဖွဲ့များမှ သိမ်းပိုက်ရရှိထားပြီး မြေပြင်၌ တိုက်ပွဲဖြစ်ပွားမှု မရှိသလို စီမံကိန်ဒေသများဖြစ်၍ စစ်ကောင်စီက အဓိကပစ်မှတ်ထား လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် အရပ်သား ၆၈ ဦး သေဆုံးပြီး ၁၃၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ စာသင် ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများ၊ စျေးဆိုင်များနှင့် စက်ရုံ အလုပ်ရုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း SHRF က ထုတ်ပြန်ဖော်ပြသည်။
ယင်းတရုတ်စီမံကိန်းသည် မူဆယ်မှ မန္တလေး၊ မန္တလေးမှ ကျောက်ဖြူအထိ အပိုင်းနှစ်ပိုင်း ပါဝင်ပြီး မူဆယ်နှင့် မန္တလေးမြို့ကို ဆက်သွယ်နိုင်မည့် ၄၀၉ ဒသမ ၉၆ ကီလိုမီတာ ရှည်လျားသော မီးရထားလမ်းပိုင်းသည် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တံတား ၁၂၄ စင်း၊ လှိုဏ်ခေါင်း ၆၀ ခုနှင့် ဓာတ်အားပေး စက်ရုံခွဲ ၁၁ ခု ပါဝင်မည်ဖြစ်ကာ ယင်းစက်ရုံခွဲများသည် တရုတ်ကုမ္ပဏီအများစုက စီမံကိန်းချ၍ ဆောက်လုပ်ထားသည့် ရှမ်းပြည် မြောက်ပိုင်း ရွှေလီ၊ နမ္မတူ၊ မြစ်ငယ်နှင့် သံလွင်မြစ်များပေါ်ရှိ တာတမံများမှ ထုတ်လုပ်သော လျှပ်စစ်စွမ်းအင်ကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
#တရုတ်စီမံကိန်း #မူဆယ်မန္တလေး #မီးရထားလမ်းကြောင်းတစ်လျှောက် #စစ်ကောင်စီတိုက်ခိုက် #အရပ်သား၂၀၀ကျော် #ထိခိုက်သေဆုံး #Ayeyarwaddy_Times