
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နောင်ကတ်ရွာသစ်ကျေးရွာရှိ ချင်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့က အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း ဒေသခံများထံက သိရှိရသည်။
သတ်ဖြတ်ခံရသူသည် အသက် (၃၇) နှစ်အရွယ် ဦးဆေးထန်ဟု သိရှိရပြီး၎င်းသည် အမျိုးသမီးနှင့် ကလေး လေးဦးကျန်ရစ်ခဲ့သည်။
ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ဦးဆေးထန်သည် မြန်မာ – အိန္ဒိယနယ်စပ် ကျေးရွာတစ်ရွာတွင် ကားဖြင့် စပါးပို့ဆောင်စဥ် မင်းသာကျေးရွာမှဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တိုး၍ ကားကိုတားဆီးစစ်ဆေးကာ သတ်ဖြတ်ခံရခြင်းဖြစ်သည်။
“စစ်သားတွေက ကားကို မသက်ာလို့ဆိုပြီး တားတယ်။ ကားတားပြီး လူကိုရိုက်နှက်စစ်ဆေးတယ်။ မသေရုံ ရိုက်နှက်စစ်ဆေးပြီးမှ ဦးဆေးထန်ကိုသေနတ်နဲ့ပစ်သတ်လိုက်တာ။ ကားသမားလည်း ရိုက်နှက်ဒဏ်ရာနဲ့ ပြင်းထန်ဒဏ်ရာရတယ်” ဟု ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းသာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းလက်အောက်ခံသည့် ကသည်း၊ ပျူ၊ ရှမ်းနီ၊ နာဂ တပ်ဖွဲ့ဝင်များက အရပ်သားများကို မကြာခဏ ဖမ်းဆီးရိုက်
နှက်ပြီး အကြောင်းမဲ့သတ်ဖြတ်လေ့ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း မင်းသာကျေးရွာမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝက်ရူ့ကျေးရွာရှိ အရပ်သား ခြောက်ဦးကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် ငါးဦးကိုပြန်လွတ်ပေးသော်လည်း တစ်ဦးကိုဖမ်းဆီးထားဆဲဖြစ်သည်။
“စစ်သားတွေ ဖမ်းတုန်းက ရွာသား ခြောက်ယောက်ပါ။ ငါးယောက်ကိုတော့ ပြန်လွှတ်ပေးတယ်။ ကိုချစ်ကိုဆိုတဲ့ တစ်
ယောက်ကိုတော့ PDF လို့စွပ်စွဲပြီး ရိုက်နှက် စစ်ဆေးနေတုန်းပါ။ ပြန်မလွှတ်ပေးသေးဘူး။ သေသလား၊ ရှင်သလားဆိုတာ အဆက်သွယ်မရသေးဘူး။ ပြီးတော့ ရွာထဲက ဆိုင်ကယ်တစ်စီးလည်း လုယူသွားပါတယ်” ဟု တမူးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ် ဖမ်းဆီးထားပြီး ပြန်လွတ်လာသည့် ငါးဦးအနက် သုံးဦးသည် အသက် အန္တရာယ်စိုးရိမ်ရသည့်အတွက် ယနေ့ထိ ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။
မင်းသာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ မကြာခဏ စစ်ကြောင်းထိုးသည့်အတွက် ဝက်ရူ့ကျေးရွာက ဒေသခံများသည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်။
#တမူးမြို့နယ် #ချင်းအမျိုးသားတစ်ဦး #စစ်ကောင်စီတပ် #အကြောင်းမဲ့သတ်ဖြတ် #Ayeyarwaddy_Times