
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မနေတာ် (TNLA) နှင့် အာရက္ခတပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့(EROs)များသည် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်း မှန်ပေါ်သို့ လာရန် စစ်ခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
ယနေ့ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ နှစ် ၅၀ ပြည့်အထိမ်း အမှတ်အဖြစ် ပေးပို့သည့် သ၀ဏ်လွှာတွင် စစ်ခေါင်းဆောင်က ယင်းသို့ပြောဆိုထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက် နေသည့် အာရက္ခတပ်တော် (AA) ကို လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ရန် စစ်ခေါင်းဆောင်က ပြောဆို လာခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သည့် MNDAA၊ TNLA နှင့် AA တို့ကြောင့် ပြည်သူများ၏ လူမှုစီးပွားရေးအခြေအနေ ပိုမိုဆိုးရွားစေခဲ့ပြီး နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောယူဆချက်များဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။
ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိသည်ကို အခွင့်ကောင်းယူ၍ မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အင်အားကြီး နိုင်ငံတချို့မှ ဩဇာလွှမ်းမိုးချုပ်ကိုင်လိုသည့်အတွက် ပြည်တွင်းမတည် မငြိမ်ဖြစ်စေရန် ဖန်တီးပုံဖော်နေသည်ကို မြင်တွေ့ရကြောင်း စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။
နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ပြည်ကစွပ်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ နိုင်ငံရေးနည်းလမ်း အရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ဆိုထားသည်။
ထို့ပြင် MNDAA၊ TNLA နှင့် AAတို့အနေဖြင့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လို စိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရှိရပြီး လူငယ်လူ ရွယ်များကို မူးယစ်ဆေးဝါး ဖြင့် သိမ်းသွင်းမြူဆွယ်ပြီး စစ်ပွဲထဲအတင်းအဓမ္မရောက်ရှိစေခဲ့ကြကြောင်း စစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်း ချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ လမ်းကြောင်းမှန်ပေါ် ရောက်ရှိကြရေး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောဆိုထားသည်။
ပုံစာ-စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #နှစ်၅၀ရခိုင်ပြည်နယ်နေ့ #သဝဏ်လွှာ #Ayeyarwaddy_Times