
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ရက်
အာရက္ခတပ်တော် (AA) သည် ဂွမြို့နယ်အတွင်းရှိ ကျေးရွာများမှနေ၍ တစ်ဆင့်ခြင်း တိုက်ပွဲဖော်ဆောင် လာပြီးနောက် ယခုအခါ ဂွမြို့အခြေစိုက်တပ်ရင်း ခမရ ၅၆၃ကို စတင်ဝင်ရောက်တိုက်ခိုက်နေပြီ ဖြစ်ကြောင်း သိရသည်။
AA သည် ယမန်နေ့ ဒီဇင်ဘာ ၁၃ရက် ညနေ ၅နာရီအချိန်ခန့်မှစ၍ လုံခြုံရေးအင်အားတိုးချဲ့ချထားသည့် စစ်ကောင်စီ၏ ခမရ ၅၆၃ တပ်ရင်းကို ဒရုန်းဗုံးများဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“AAက ၁၅ရက်နေ့မှာ ဂွမြို့ထဲ တဟုန်ထိုး ထိုးစစ်ဆင်တော့မယ်ဆိုပြီး သတင်းတွေထွက်နေတယ်။ ဖြစ်နိုင်ပါတယ်။ မနေ့ကကို ခြေမြန်တပ်ရင်းတစ်ခု စတိုက်ခံရတယ်။ ဘဏ်ကပိုက်ဆံတွေလည်း အလျင်အမြန်ကို စစ်တပ်ထဲရွှေ့နေကြပြီ” ဟု ဂွဒေသခံတစ်ဦးကဧ ရာဝတီတိုင်းမ်ကိုပြောသည်။
AA၏ထိုးစစ် ဂွမြို့နှင့် မိုင်အနည်းသာကွာတော့ချိန်တွင် စစ်ကောင်စီက ဂွမြို့အခြေစိုက်တပ်ရင်း နှစ်ခုလုံးကို အင်အားတိုးချဲ့ချထားပြီး တင့်ကားများဖြင့်ပါလုံခြုံရေးယူထားကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီရေတပ်မှလည်း စစ်သင်္ဘောများ အချိန်ပြည့် လုံခြုံရေးယူပေးထားပြီး တိုက်ပွဲဖြစ်ပွားရာ ရဟိုင်းကွင်းကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ ကြောင်း သိရသည်။
စစ်ကောင်စီ၏ ခမရ ၅၆၂နှင့် ခမရ ၅၆၃တပ်ရင်းများတွင် အင်အားနည်းပါးနေသဖြင့် ဧရာဝတီတိုင်း အတွင်းမှတပ်ရင်း သုံးရင်းနှင့် ရန်ကုန်တိုင်း၊ လှိုင်သာယာမှတပ်ရင်းများကို စစ်ကူပို့ထားရကြောင်း AAကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၆ရက်နေ့က AA ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ရင်း ငါးရင်းပေါင်း အင်အား ၁၈၀ကျော်ပါစစ်ကြောင်းမှာ AA၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ခန့်သေဆုံးသွား ကြောင်း တိုက်ပွဲအတွင်းမှ လက်လွတ်ထွက်ပြေးသွားသူများကို လိုက်လံတိုက်ခိုက်နေရကြောင်း AA ထံက သိရသည်။
ဂွမြို့နယ်အတွင်းတိုက်ပွဲများသို့ စစ်ကောင်စီက ဧရာဝတီတိုင်းမှတပ်ရင်းများအပြင် စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခေါ်ဆောင်လာသည့် လူငယ်များကို ပို့ဆောင်ခဲ့ရာ အချို့မှာ အစုလိုက် ထွက်ပြေး ကြကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
#ဂွ #ခမရ၅၆၃ #AAတိုက်ခိုက် #Ayeyarwaddy_Times