ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် စစ်ကောင်စီတပ်၊ လဝက နှင့် အုပ်ချုပ်ရေးမှူးတို့က စစ်မှုထမ်းရန်အတွက် လူငယ်များကို တစ်အိမ်တက်ဆင်း လိုက်လံစုဆောင်းနေကြောင်း ဒေသခံများထံက သိရှိရသည်။

တမူးမြို့တွင် ယခုရက်ပိုင်းတွင်း စစ်ကောင်စီတပ်၊ လဝက နှင့် အုပ်ချုပ်ရေးမှူးတို့က ပြီးခဲ့သည့် အောက်တိုဘာလတွင် ကောက်ယူထားသည့် သန်းခေါင်စာရင်း ကိုင်ဆောင်ပြီး လူငယ်များရှိသည့် နေအိမ်များတွင် စစ်မှုထမ်းရန် စာရင်းများ ကောက်ခံနေခြင်းဖြစ်သည်။

“သန်းခေါင်စာရင်း ကောက်ယူတုန်းက ဘယ်အိမ်တွေမှာ လူငယ်တွေရှိလဲဆိုတာ သူတို့မှာစာရင်း အတိအကျရှိတယ်။ အခုသူတို့က အဲ့ဒီစာရင်းအတိုင်း လူငယ်တွေ စစ်မှုထမ်းဖို့ စုဆောင်းနေတာဖြစ်တယ်။ ဒီအခေါက်လူငယ်တွေ စာရင်းအများကြီး ကောက်ယူသွားတယ်” ဟု တမူးမြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တမူးမြို့တွင် ရှေ့အပတ်အစဉ်များက စစ်သင်တန်းတက်ရောက်ရန် လူငယ်များ စုဆောင်းရာတွင် လွယ်ကူသော်လည်း ယခုအခါ တက်ရောက်မည့် အပတ်စဥ် (၈) အတွက် လူငယ်များမရှိသည့်အတွက် လူငယ်များစုဆောင်းရာတွင် အခြေအနေများ ပိုဆိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က တမူးမြို့တွင် စစ်မှုထမ်းရန် လစဥ် လူသစ်စုဆောင်းခြင်း၊ ဖမ်းဆီးခြင်းတို့ကြောင့် လူငယ်များနှင့် အမျိုးသားများသည် မြို့ကိုစွန်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

စစ်ကောင်စီတပ်၏ လူသစ်စုဆောင်းမှုကြောင့် တမူးမြို့နယ်အထက်ပိုင်းကျေးရွာများမှ တမူးမြို့ထဲ တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များသည် ၎င်းတို့၏ အမျိုးသားများနှင့် သားသမီးများအတွက် စိုးရိမ်နေကြကြောင်း သိရှိရသည်။

“အိမ်မှာ စစ်မှုထမ်းဖို့ လူစာရင်းလာကောက်တယ်။ အိမ်ရှင်တွေက မရှိဘူး။ အိမ်ငှားနေတဲ့ စစ်ဘေးရှောင်တွေပဲ ရှိတယ်။ အိမ်ရှင်တွေပြန်ခေါ်ခိုင်းနေတယ်။ သူတို့ပြန်မလာရင် အိမ်ရှင်တွေအစား အိမ်မှာရှိတဲ့သူတွေ စစ်မှုထမ်းရမယ်ပြောသွားတယ်” ဟု တမူးမြို့ စစ်ဘေးရှောင်အမျိုးသမီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်မှုထမ်းလူငယ်များအနေဖြင့် စစ်အခြေခံသင်တန်း တက်ရောက်ပြီးပါက မိမိတာဝန်ထမ်းဆောင်လိုသည့် ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ကျေးရွာတို့တွင် တာဝန်ချပေးသွားမည်ဟု စစ်ကောင်စီတပ်က စည်းရုံးပြောဆိုနေသော်လည်း ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်နေကြောင်း ထွက်ပြေးလာသည့် သင်တန်းဆင်းများ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း တမူးမြို့ စျေးတန်းရပ်ကွက်တွင် စစ်ကောင်စီတပ်က အင်အားအလုံးရင်းဖြင့် ဝင်ရောက်လာပြီး လူငယ် ၇၀ နီးပါးဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ပုံစာ – တမူးမြို့တစ်နေရာကို တွေ့ရစဥ်။(ပုံအဟောင်း)

#တမူးမြို့ #စစ်ကောင်စီတပ် #လဝက #အုပ်ချုပ်ရေးမှူး #စစ်မှုထမ်းရန်အတွက် #လူငယ်များကို #လိုက်လံစုဆောင်း #Ayeyarwaddy_Times