ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဒီဇင်ဘာ ၁၃ ရက်

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီက ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများတွင် အက်စ်ဖာ့စ် S-Phos 560 ဓာတ်ငွေ့ပြားများကို အသုံးပြုလာကြောင်း ယနေ့ ဒီဇင်ဘာ ၁၃ ရက်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ထားသည်။

ဗိုးဗြဲမြို့ပြင်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီလက်အောက်ခံ ခမရ-၄၂၂တပ်ရင်းမှ မိုးဗြဲမြို့နှင့် အနီးပါတ်ဝန်းကျင်များသို့ ဒရုန်းဖြင့်ဗုံးကြဲရာတွင် အဆိုပါ အက်စ်ဖာ့စ် S-Phos 560 တံဆိပ်ပါ အဆိပ်ငွေ့ ပြားများကိုပါ အသုံးပြုခဲ့ခြင်းဖြစ်သည်။

“အဆိပ်ငွေ့သုံးတာကတော့ တိုက်ပွဲဖြစ်ပွားတဲ့ပါတ်ဝန်းကျင်တွေမှာ စစ်ကောင်စီဘက်က သုံးတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က မြေပြင်မှာနယ်မြေစိုးမိုးမှုတွေမလုပ်နိုင်တော့တဲ့အခါမှာ အဓိကဒရုန်းကို အားပြုပြီးတော့တိုက်ခိုက်လာတဲ့အခါမှာ လက်နက်ကြီးတွေ ဒရုန်းတွေ လေယာဉ်တွေက မထိရောက်တဲ့အခါမှာ အဆိပ်ငွေ့ဗုံးတွေကို ထပ်ပြီးအသုံးပြုလာတာဖြစ်ပါတယ်” ဟု KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အဆိပ်ငွေ့ပြား ကျရောက်ပေါက်ကွဲရာ နေရာများတွင် မီးခိုးအများအပြား ထွက်ပေါ်လာပြီး ရှူရှိုက်မိသူများမှာ မူးဝေခြင်း၊ ခေါင်းမူးခြင်း၊အော့အန်လိုခြင်း၊ အိပ်ချင်လာခြင်း၊ ခန္ဒာကိုယ်မလန်းဆန်းခြင်း၊ အားပျက်ခြင်း စသည့်ဝေဒနာများကို ခံစားခဲ့ရကြောင်းလည်း KNDF က ထုတ်ပြန်ထားသည်။

အဆိုပါ အက်စ်ဖာ့စ် S-Phos 560 အဆိပ်ငွေ့များကို အများအားဖြင့် စိုက်ပျိုးသီးနှံများအတွက် ပိုးသတ်ဆေး အဖြစ် အသုံးပြုလေ့ရှိကြကြောင်း သိရသည်။

“အရင်တုန်းကတော့ လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အခါမှာ အဆိပ်ငွေ့တွေပါတဲ့ဗုံးတွေ အငွေ့တွေအမြဲတမ်းထ‌နေတဲ့ တစ်ချို့ဗုံးသီးတွေ လက်နက်ကြီးတွေကို တွေ့ဖူးတယ်။ ရဲဘော်တွေတချို့ကမူးဝေတာတွေ အော့အန်တာတွေရှိခဲ့ဖူးတယ်။ အရင်နှစ်တွေက သူတို့(စစ်တပ်)က ရံဖန်ရံခါသုံးခဲ့ဖူးတာရှိတယ်” ဟု တာအယ်စိုးက ဆက်လက် ပြောဆိုသည်။

ယခုအခါ ဖယ်ခုံ၊ မိုးဗြဲ ၊ လွိုင်ကော် လမ်းမကြီး တစ်လျှောက်တွင် နှစ်ဖက်ထိတွေ့မှုများ မကြာခဏဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီက ယခုကဲ့သို့ ဒရုန်းစစ်ဆင်ရေးများတွင် အဆိပ်ငွေ့များကိုပါအသုံးပြုလာပြီး ဒရုန်းများပျံဝဲနေခြင်း၊ ဒရုန်းတိုက်ခိုက်ခံရသည့်နေရာများ အနီးတွင်ရှိနေပါက စူးစမ်းခြင်းမပြုပဲ လုံခြုံရာတွင်သာ နေကြရန်လည်း KNDF က သတိပေးတိုက်တွန်းထားသည်။

ဓာတ်ပုံ – KNDF
#ကရင်နီ #မိုးဗြဲ #စစ်ကောင်စီ #အဆိပ်ငွေ့သုံး #ဒရုန်း #ဗုံးကြဲ #KNDF #Ayeyarwaddy_Times