ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်အတွင်းသို့ ဂွမြို့နယ်တိုက်ပွဲအတွင်းမှ ဒဏ်ရာရရှိလာသည့် အရာရှိနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့က စစ်ရေးပြင်းထန်နေသည့် ဂွတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဂွမြို့ပေါ်ရှိ ခမရ ၅၆၂ အတွင်းသို့သယ်ဆောင်လာပြီး ထိုမှတဆင့် ငါးသိုင်းချောင်းမြို့နယ်အတွင်းသို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

“ငါးသိုင်းချောင်းကို ဂွတိုက်ပွဲက ဒဏ်ရာရတွေကို အသုတ်လိုက်ပို့နေတာ။ တိုက်ပွဲတွင်းကထွက်ပြေးတဲ့ လူတွေကိုလည်း ဧရာဝတီတိုင်းထဲက လုံခြုံရေးဂိတ်တွေကို ပြန်ပို့တာရှိတယ်”ဟု ဧရာဝတီတိုင်းရှိ လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြော သည်။

ဂွမြို့နယ်အတွင်း အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ ဖြစ်ပွားနေသည့်တိုက်ပွဲမှာ မြို့နှင့် မိုင်အနည်းငယ်သာ ကွာဝေးတော့သည့်အတွက် ဧရာဝတီတိုင်းအတွင်း ကူးစက်လာမည်ကို စစ်ကောင်စီအနေဖြင့် အထူးစိုးရိမ်လျက်ရှိကြောင်း သိရသည်။

ဂွမြို့ပေါ်နှင့် ဧရာဝတီတိုင်းသို့ ကူးသည့်
လမ်းကြောင်းတလျှောက် လုံခြုံရေးဂိတ်များကို အင်အားတိုးချဲ့ချထားပြီး သံချပ်ကာကားနှင့် တင့်ကားများကို လမ်းဆုံလမ်းခွများတွင် အစောင့်ချထားကာ မြို့တွင်း၌လည်း လှည့်လည်အင်အားပြနေကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း ငါးသိုင်းချောင်း၊ ရေကြည်၊ အင်္ဂပူမြို့နယ်များ၌လည်း လုံခြုံရေးတိုးမြှင့်ထားပြီး ဂွ မြို့မှ စစ်ရှောင်လာသည့် ဒေသခံများကို ရေနံ့သာဂိတ် အစရှိသော စစ်ကောင်စီ‌ဂိတ်များမှနေ၍ အထူးစိစစ် ကြပ်မတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဂွမြို့ AA လက်တွင်းကျရောက်သွားပါက စစ်ရေးမှာ ဧရာဝတီတိုင်းအတွင်း ကူးစက်လာမည်ကို အထူးစိုးရိမ်နေသော စစ်ကောင်စီက ဂွမြို့ရှိ ခမရ ၅၆၂၊ ခမရ ၅၆၃ နှင့် ရဟိုင်းကွင်းဘက်သို့ ဧရာဝတီတိုင်းမှ တပ်ရင်းတပ်ဖွဲ့များ၊စစ်မှုထမ်းသင်တန်းဆင်းများကို ပို့ဆောင်လျက်ရှိသည်။

ဂွတိုက်ပွဲအတွင်းသို့ ဟင်္သာတ၊ အိမ်မဲ၊ မအူပင်နှင့် ရန်ကုန်တိုင်းအတွင်းမှ ခြေလျင်နှင့် ခြေမြန်တပ်ရင်းများကို အင်အားရာချီပို့ဆောင်ခဲ့ရာ တပ်ရင်းတခုလုံး ပြုတ်ပြီး စစ်ကြောင်းတွင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးနီးပါး သေဆုံးသွားကြောင်း သိရ သည်။

ဟင်္သာတမြို့အခြေစိုက် အမှတ် ၁၈ ခြေလျင်တပ်ရင်း ခလရ ၁၈၊ အိမ်မဲမြို့အခြေစိုက် ခလရ ၆၃၊ မြန်အောင်အခြေစိုက် ခလရ ၅၁ နှင့် ရန်ကုန် လှိုင်သာယာအခြေစိုက် ခမရ ၅၃၂ မှ စု ပေါင်းတပ်အင်အား ၁၈၀ ကျော်ကို ဂွမြို့သို့ နိုဝင်ဘာ လကတည်းက ပို့ဆောင်ခဲ့ကြောင်း သိရသည်။

#ဧရာဝတီတိုင်း #ငါးသိုင်းချောင်း #ဂွ #ဒဏ်ရာရ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #Ayeyarwaddy_Times