ညိမ်းသော်/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ ဩဂုတ်လ ၁၈ ရက်
ဧရာဝတီတိုင်းရဲ့မြို့တော် ပုသိမ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လေတပ်အခြေစိုက်စခန်းကနေ အရာရှိတဦး အပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးထွက်ပြေးသွားတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
ပုသိမ်လေတပ်က အရာရှိနဲ့ တပ်သား ၃ ဦးဟာ ဩဂုတ်လဆန်းပိုင်းကစတင်ကာထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး နေပြည်တော်အခြေစိုက် (ကကလေ)ကဆင်းပြီးလာရှာတာမျိုးတွေပြုလုပ်ခဲ့ပေမယ့် ခုချိန်ထိပြန်လည်းဖမ်းမမိ သေးဘူးလို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
“ လေတပ်ကအရာရှိနဲ့အခြားအဆင့် ၃ ဦးပြေးတာ လေတပ်ကစစ်သည်တွေနဲ့ ဆိုင်မှာစကားပြောရင်းသိရတာ ကကလေကတောင်ဆင်းရှာတယ်”လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီအရာရှိနဲ့ တပ်သား ၃ ဦးဟာ မှတ်ပုံတင်တွေအပ်ထားရတာကြောင့် စစ်ကောင်စီ တပ်ဘက်က မြို့ဝင် မြို့ထွက်တွေမှာ မှတ်ပုံတင်စစ်ဆေးတာတွေကို အရေးပေးပြုလုပ်လာတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အိမ်မဲမြို့မှာရှိတဲ့ ခလရ ၆၃ က စစ်ကောင်စီတပ်သားအချို့လည်း ထွက်ပြေးသွားတာမျိုးရှိတာကြောင့် စစ်ကောင်စီတပ်က နီးစပ်ရာ မြို့ဝင် မြို့ထွက်စစ်ဆေးရေးဂိတ်တွေနဲ့ မြို့ထဲကလူစည်ကားတဲ့နေရာတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧရာဝတီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ စစ်ကောင်စီရဲ့ အနောက်တောင်ပိုင်းစစ်ဌာနချုပ် အထိုင်ချတာ ကြောင့် တပ်အများစုရှိပြီး စစ်သည်အားလုံးရဲ့မှတ်ပုံတင်တွေကို တပ်ရင်းရုံးမှာသိမ်းဆည်းထားတယ်လို့ စစ်ကောင်စီတပ်အသိုင်းဝိုင်းက သိရပါတယ်။