ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဒီဇင်ဘာ ၉ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးမှုများပြုလုပ်နေပြီး ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့၊ ည ၆ နာရီဝန်းကျင်က ကျွဲဖြူမရွာ နှင့် ချောင်းစောက်ရွာကို မီးရှို့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် အုတ်ဖိုမြို့နယ်အတွင်း အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်း နှစ် ကြောင်းခွဲကာ ပဲခူးရိုးမအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင် ရောက်ကာ ယခုကဲ့သို့ မီးရှို့မှုများ၊ နေအိမ်ဖျက်ဆီး မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“မီးရှို့ခံရတာက အသေးစိတ်မသိရသေးဘူး။ အဲ့ဒီရွာတွေဘက်မှာ စစ်‌‌တပ်ကရှိနေတုန်းပဲ။ အခုက သာယာဝတီခရိုင်တစ်ခုလုံး နီးပါး စစ်ကြောင်းထိုးတာ ကြမ်းနေတယ်။ ဓာတ်ဆီပုံး တွေပါယူလာတာ။ သူတို့ ဖမ်းထားတဲ့ ပြည်သူတွေကိုလည်း စစ်ဝတ်စုံဝတ်ပေးပြီး စစ်ကြောင်းရဲ့ ရှေ့ဆုံးက နေခိုင်းတာတွေလည်းရှိတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် တံငါကုန်းရွာ၊ ကျွဲဖြူမရွာ၊ တောင်ကုန်းရွာ၊ ကြို့ကိုးပင်ရွာ၊ ဝါးဖြူချောင်းရွာ၊ ချောင်းစောက်ရွာ၊ ရွာရှာရွာများ မှ ဒေသခံများမှာ ရွာလုံးကျွတ် နီးပါး ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ချောင်းဂွ(ဂျီ) ကျေးရွာ မှ ဒေသခံများဖြစ်သည့် ဦးကုလား၊ ဦးခင်စိုး၊ ဦးမင်းလွင်၊ ဦးစိုးကြီး ဆိုသူတို့ သတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် PDF များ သတ်ဖြတ်ခြင်း ဖြစ်ကြောင်း စစ်တပ်လော်ဘီများက ဝါဒဖြန့်ခဲ့သည်။

စစ်ကောင်စီတပ် လော်ဘီများက ထိုသို့ဝါဒဖြန့်နေသော်လည်း စစ်ကောင်စီတပ်အရာရှိများ အသတ်ခံ ရခြင်းကြောင့် ကလဲ့စားချေသည့်အနေဖြင့် စစ်ကောင်စီ၏ တန်ပြန်အဖွဲ့မှ သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

“ခမရ-၆ နားမှာ စစ်တပ်ဘက်က နှစ်ယောက် သတ်ခံရတာ မကျေနပ်လို့ မဆိုင်တဲ့ပြည်သူကို စစ်တပ်ကပြန်သတ်တာလို့ပဲထင်တယ်။ အသတ်ခံရတဲ့ နေရာက ခမရ-၆ နဲ့မဝေးဘူး။ တော်လှန်ရေးအဖွဲ့တွေက အုပ်ကြီးတို့၊ ပျူစောထီးတို့ကို သတ်ရင် တောင် အမြဲအသိပေးထုတ် ပြန်နေကြပဲ။ ပြီးတော့ဒီရက်ပိုင်းက စစ်ကြောင်းထိုးနေလို့ အဲ့ဒီဘက်ခြမ်းတွေတောင် ဘယ်သူမှ မလာဖြစ်ဘူး” ဟု ရဲဘော် ဒူးယားကဆက်လက် ပြောသည်။

အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့က တိမ်မြုပ်ရွာအခြေစိုက် ခမရ-၆ တပ်ရင်းမှ စစ်ဗိုလ်နှင့် တပ်ကြပ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက သတ်ဖြတ်ပြီးနောက် စစ်ကောင်စီက ယခုကဲ့သို့ ဝါဒဖြန့်မှုများ၊ စစ်ကြောင်းထိုးမှုများ ပိုမိုဖြစ် ပွားခဲ့ခြင်းဖြစ် ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များ ထံက သိရသည်။

ဓာတ်ပုံ -လူမှုကွန်ရက်
#အုတ်ဖို #စစ်ကောင်စီ #စစ်ကြောင်းထိုး #မီးရှို့ #PDF #Ayeyarwaddy_Times